Tuesday, October 6, 2009

ကျေးဇူးပြု၍ ......ကျေးဇူး

“ငါကျွေးခဲ့တဲ့ထမင်းလုပ်တွေ၊ သူ့လည်ချောင်းထဲကနေ ခြေမနဲ့ ကော်ထုတ်လို့ရတယ်” နားထဲဂျင်ကနဲကြားလိုက်သည့် ခဏ၊ ကြက်သီးမွေးညှင်းများပင် ထသွားခဲ့ပါသည်။ မရင့်သီးလွန်းပေဘူးလား။ ကျေးဇူးရှိသူက ကျေးဇူးမဲ့သူပြုသူအပေါ် အဲဒီလို ပြောပိုင်ခွင့်ရှိသလား။ သူတစ်ဦးက အခြားတစ်ဦးအပေါ် ကောင်းမြတ်သော စိတ်စေတနာဖြင့် မိမိအလိုအလျောက် ကောင်းကျိုးပြုမှုကိုသာပဲ “ကျေးဇူး”ဟူ၍ ခေါ်ထိုက်သည် မဟုတ်ပေဘူးလား။ သူ့စကားက စဉ်းစားစရာပဲ ဖြစ်ပါသည်။ သူ့စေတနာက သံသယရှိစရာပဲ ဖြစ်ပါသည်။
“ကိုယ်ကသူများအပေါ် ကျေးဇူးပြုခဲ့တာတွေကို အမြန်မေ့ပစ်လိုက်၊ သူတစ်ပါးကပြုခဲ့တဲ့ ကျေးဇူးတရားကိုတော့ တစ်သက်လုံးမမေ့လေနဲ့”
ယခုအခါ ကွယ်လွန်ခဲ့ရှာပြီဖြစ်သော ကျွန်တော်ဆရာတစ်ဦး၏ သွန်သင်ချက်ကို မကြာခဏ အမှတ်ရမိ ပါသည်။ ကိုယ်ကသူတစ်ပါးအပေါ် ပြုခဲ့တဲ့ကျေးဇူးကို အကြွေးမှတ်သလို မမှတ်နဲ့ဟူသော သဘောဖြစ်မည် ထင်ပါသည်။ ကိုယ့်အပေါ်ပြုဖူးသည့် ကျေးဇူးကိုလည်း အကြွေးချေသလိုပေးချေလို့မရ ဟူသော သဘောလည်း ပါမည် ထင်ပါသည်။
ကျွန်တော်တို့လမ်းထိပ်တွင် လူတစ်ယောက်ရှိပါသည်။ ညနေ၊ ညနေဆိုလျှင် အမြဲတစေရီဝေနေတတ်ပါသည်။ ရီဝေလာသည့်အခါတိုင်းလည်း သူ့အိမ်ထောင်ကို မည်သို့ တည်ဆောက်ခဲ့ရသည်။ မည်သို့စွန့်စွန့်စားစား ရှာဖွေကျွေးမွေးရသည်၊ မည်မျှခက်ခဲပင်ပန်းလှသည်၊ သူ့ကျေးဇူး တရား မည်မျှကြီးမားခဲ့ပြီဆိုသည်တို့ကို တစ်လမ်းလုံးကြားအောင် ခုနှစ်သံချီ၍ ပြောလေ့ဆိုလေ့ရှိပါသည်။
ထိုသူ့အသံကိုကြားတိုင်း ဟိုတုန်းက ကျွန်တော်တို့ရွာမှ သူကြီးကို သတိရမိပါသည်။
ညနေ၊ ညနေ ချက်အရက်ကလေးရီဝေယစ်ထွေလာပြီလားဆိုမှဖြင့် ရွာဖျားရွာဆုံး လမ်းပုံခုံးတွင် ခေါက်တုံ့လူးလာ လျှောက်တော့သည်။ ဟေ့..........ဟောဒီရွာလယ်လမ်းကို ဘယ်သူခင်းတာလဲသိလား။ အဲဒါ ငါပဲ။ ရွာတောင်ချောင်းတံတားကျိုးတုန်းက အသစ်ထိုးဖို့ နှိုးဆော်ခဲ့တာ ငါကွ။ သင်္ချိုင်းကုန်းက သူရဲခြောက်တဲ့ ကညင်ပင်ကြီးကို အမိန့်တော်ပြန်ခဲ့တာလည်း ငါပဲကွ။ ဟေ့.....ဒီမှာ၊ ဟောဒီရွာမှာ သူကြီးဘအောင်ရဲ့ကျေးဇူး ကင်းတဲ့ကောင် တစ်ယောက်မှ မရှိဘူးကွ။ အဲဒါမြဲမြဲမှတ် ဟူ၍ ဓါတ်ပြားချပ်မှာ အပ်သွားကပ်သလို အထပ်ထပ် ကိုယ်ရည်သွေးနေတော့သည်။ ပြောရလျှင် ဟိုတုန်းက မြို့ပိုင်၊ နယ်ပိုင်တို့နှင့် အလွမ်းသင့်လွန်း၍သာ သူ့ကို မလှန်နိုင် ရှိချင်ရှိမည်။ သူ၏ ကိုယ်ရည်ကိုယ်သွေး တီးလုံးတွေကို တစ်ရွာလုံးက “နှလုံးမသာ”ခဲ့တာတော့ အမှန်ပဲ ဖြစ်ပါသည်။ ကျေးဇူးတရားဆိုတာ အဲဒီလို ကိုယ်ရည်သွေးချက်များဖြင့်တော့ ရုပ်လုံးမပေါ်တန်ကောင်းဘူး ထင်ပါသည်။
မည်မျှကြီးကျယ် မြင့်မားပါစေ၊ မကြာမကြာ ဖော်ထုတ်ပြောဆိုလေ့ရှိသော ကိုယ့်ဂုဏ်ပုဒ်သည် တဖြည်း ဖြည်းပေါ့ဖွယ်သေးကျုံသွားတတ်သည်မှာ သေချာလောက်ပါသည်။
ဟိုတုန်းကဖတ်၍ စွဲလမ်းခဲ့ဖူးသော ၀တ္တုလေးတစ်ပုဒ်ကို မကြာခဏ ပြန်လည် အမှတ်ရမိပါသည်။
ဝတ္တုထဲမှာ မိုးညှင်းမြို့က မောင်ချူးဆိုသူသည် ဘကြီးသိန်း မန္တလေးသို့သွားမည်ဆိုသည်နှင့် သူ့အတွက် မျက်မှန်တစ်လက်ကို ခရီးကြုံဝယ်ယူလာပေးရန် ငွေတစ်ရာကျပ်ပေး၍ မှာကြားလိုက်သည်။ ဘကြီးသိန်း ပြန်လာသောအခါ မျက်မှန်တစ်လက်ပါလာသည်။ တပ်ကြည့်တော့ မောင်ချူးနှင့် တော်တော်လေး အဆင်ပြေသည်။ အရင်က မကြည်လင် ၀ိုးတ၀ါးသာပဲ မြင်ခဲ့သည်တို့ကို ပီပြင်ရှင်းလင်းစွာမြင်လာရသည်။ ဘကြီးသိန်းကို အလွန်တရာကျေးဇူးတင်ခဲ့သည်။ သူပေးလိုက်တဲ့ ငွေတစ်ရာလောက်ငှပါရဲ့လားဟု မေးတော့ ဘကြီးသိန်းက ပိုတဲ့ငွေနှစ်ဆယ်ကိုတောင် သုံးပစ်လိုက်ပြီဟု ဆိုသည်။ မျက်မှန်ကို စိတ်တိုင်းကျရဖို့ အခေါက်ခေါက်အခါခါ သွားခဲ့ရကြောင်း၊ စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆင်လာခဲ့ကြောင်း တခမ်းတနား ပြောပြသေး သည်။ မည်သို့ဆိုစေ မောင်ချူးကျေနပ်သည်။ လက်ဖက်ရည်ပင် ထပ်၍ ၀ယ်တိုက်လိုက်သေးသည်။
နောက်တစ်ကြိမ် အလှူမှာ တွေ့ကြတော့ လူတွေကြားထဲကနေ ဘကြီးသိန်းက မောင်ချူးကို လှမ်းခေါ် သည်။ မျက်မှန်ကို ချွတ်ခိုင်းသည်။ ဘကြီးသိန်းက မောင်ချူး၏ မျက်မှန်ကို မန္တလေးကနေ ဘယ်လိုကြိုးစားပမ်းစား ၀ယ်ယူလာခဲ့ကြောင်း တခမ်းတနား ပြောပြန်သည်။ ပရိသတ်ကလည်း ဘကြီးသိန်း ၀ယ်လာတဲ့ မျက်မှန်ကောင်းကြောင်း ထောက်ခံသည်။ မောင်ချူးကလည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောရသည်။
နောက်တစ်ကြိမ် မန္တလေးမှ ဘကြီးသိန်းထံသို့လာသော ဧည့်သည်နှစ်ယောက်ကို ဘကြီးသိန်းကိုယ်တိုင် မောင်ချူးအိမ်သို့ ခေါ်လာခဲ့သည်။ မောင်ချူးက ကျေးဇူးရှင်၏ ဧည့်သည်အဖြစ် အရက်၊ အမြည်းတွေနှင့် ဧည့်ခံရ သည်။ အရက်ဝိုင်းမှာ ဘကြီးသိန်းက ပြောသည်။
“သူ့အတွက် မျက်မှန် ကျုပ်ဝယ်လာခဲ့ရတာဗျ။ ဒီလူက မျက်မှန်မရှိရင် အကန်းပဲ။ တစ်နေ့တစ်နေ့ ကားအတိုက်ခံ ရမလား။ စက်ဘီးအတိုက်ခံရမလားနဲ့ ဟုတ်တယ် မဟုတ်လား မောင်ချူး”
မောင်ချူးက ဟုတ်မှန်ကြောင်း ၀န်ခံရပြန်သည်။ မပြုံးချင်ဘဲ ပြုံးရ၊ စိတ်မပါဘဲ ကျေးဇူးတင်ရပါကြောင်း ပြောရတာတွေများလာတော့ မောင်ချူး စိတ်ပျက်လာသည်။ ဘကြီးသိန်းနှင့် မတွေ့အောင်ရှောင်တော့သည်။ သည်တော့လည်း ဘကြီးသိန်းက သူ့ကွယ်ရာမှာ ပြောခဲ့သည့် စကားတွေကို ပြန်၍ ကြားရသည်။ မျက်မှန်အတွက် မောင်ချူးက သူ့ကို ကျေးဇူးတင်လွန်းလို့ ဘယ်လို ကျေးဇူးဆပ်ရမလဲဆိုတာ အမြဲကြံစည် တွေးတောနေတဲ့အကြောင်း။
တစ်နေ့တော့ မိုးညှင်းဘူတာရုံမှာ ဘကြီးသိန်းရဲ့ဧည့်သည် ၆ ယောက်ရောက်နေကြောင်း တည်းခိုဖို့ အခက်အခဲရှိရင် မောင်ချူးဆိုတာရှိကြောင်း ဘကြီးသိန်းပြောဆိုနေသည်ဟု ကြိုတင်သတင်းရခဲ့သည်။ လာပလေ့စေဆိုပြီး မောင်ချူးက အိမ်မှာပဲ စောင့်နေသည်။ သူ့အိမ်ရှေ့သို့ ဘကြီးသိန်းတို့ရောက်လာတော့ တော်တော်လေး မူးနေကြတာ တွေ့သည်။ ဘကြီးသိန်းကို မောင်ချူးက မျက်နှာချင်းဆိုင်လိုက်သည်။ မျက်နှာပေါ်က မျက်မှန်ကို ချွတ်လိုက်သည်။ မြေကြီးပေါ်သို့ ချလိုက်သည်။ ပြီး....ဖနောင့်နှင့် လေးချက်လောက် ပေါက်ပစ်လိုက်သည်။ မျက်မှန်ကလေး ကျိုးကြေသွားသည်။ ဘကြီးသိန်းက မောင်ချူးကို ကြက်သေသေပြီး ကြည့်နေခဲ့သည်။
ဝတ္တုလေးက ထိုမျှသာပဲ ဖြစ်သည်။
ကျေးဇူးတရားဆိုသည်နှင့် စပ်လျဉ်း၍ ထိုဝတ္တုလေးက တစ်စုံတစ်ရာ ပြောပြနိုင်ခဲ့သည်ဟု ထင်ပါသည်။ ကျေးဇူးဆိုသည်မှာ ကြွေးမြီဆိုတာနှင့် အဓိပ္ပါယ် ခြားနားလှသည့်အလျောက် ကြွေးကဲ့သို့ ပြန်လည် တောင်းခံ၍ မရနိုင်သည့်အလျောက် ကြွေးကဲ့သို့လည်း ပြန်ဆပ်၍ ကျေနိုင်သည့်အမျိုး မဟုတ်ဟူသော သဘောသက်ရောက်မည် ထင်ပါသည်။
“ငါလုပ်ပေးလို့ လူမွေးလူတောင် ပြောင်တာပါကွာ။ ခုမှ........ဒီငနဲက”ဟု ပြောဆိုသော အသံမျိုးတွေကို ကျွန်တော်တို့ မကြာခဏကြားခဲ့ဖူးပါသည်။ အချို့သော သူတို့၏ နိုင်ထက်စီးနင်း ပြောဆိုသော စကားတို့ကြောင့် ကျေးဇူးပြုခံခဲ့ရသူတို့သည် “ကျေးဇူးသိ”သော်မှ မခံမရပ်နိုင်ဖြစ်ကာ “အသားလှီးဆပ်လို့ ကြေမယ်ဆိုရင် ဆပ်ပစ်လိုက်ချင်တယ်”ဆိုသာ အနာတကျည်း တုံ့ပြန်ချက်တို့ကိုလည်း ကြားခဲ့ဖူးပါသည်။
ကျေးဇူးစင်စစ်၊ ဧကန်ဖြစ်ပါက အသားကိုလှီး၍ ဆပ်သောမှ ပြေကြေနိုင်ဖွယ် ရှိမည်မထင်ပါ။
မှန်နန်းရာဇ၀င်လာ ကျေးဇူးဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုလည်း ပြန်ပြောခွင့်ပြုစေလိုပါသည်။
ငါးစီးရှင်ကျော်စွာက စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံဖို့ရာအတွက် သူ၏ ကျွန်ယံတော် ငခင်ညိုအား စေလွတ်ခဲ့သည်။ ငခင်ညိုသည် စစ်ကိုင်းမင်းအား လုပ်ကြံဖို့ အခွင့်အရေးကို စောင့်ဆိုင်းချောင်းမြောင်းရင်း သုံးရက်တိတိ ထမင်းငတ်ခံခဲ့ရသည်။ အခွင့်သာ၍ နန်းတွင်းသို့ ၀င်သောအခါ စစ်ကိုင်းမင်းက နတ်တင်ထားသော စားတော်ပွဲကိုတွေ့သဖြင့် အားရပါးရ စားသောက်ပစ်ခဲ့သည်။ ထမင်းဝ၍ လုပ်ကြံဖို့ရာ အိပ်ဆောင်ထဲသို့ ၀င်သောအခါ အိပ်ပျော်နေသော စစ်ကိုင်းမင်းကို တွေ့ရသည်။ ခုပင် စားခဲ့မိပြီဖြစ်သော ထမင်းပွဲကို ငခင်ညို သတိရသွားသည်။ စစ်ကိုင်းမင်းသည် သူ၏ ထမင်းရှင်ဖြစ်ခဲ့ပြီ။ ထမင်းရှင်ကို လုပ်ကြံဖို့ရာ သင့်လျော်ပါမည်လော။ သူသည် ဓားအိမ်မှာဓားကို ချွတ်လိုက်၊ စွပ်လိုက်လုပ်ရင်း ချီတုံ ချတုံတွေဝေနေခဲ့သည်။ လုပ်ကြံဖို့တာဝန်ကို မကျေပွန်လျှာင် ငါးစီးရှင်က သူ့ကို သတ်နိုင်သည်။ တာဝန်ကျေအောင်ပြုလျှင် ထမင်းရှင်ကို သတ်ရမည်။ နောက်ဆုံးမတော့ ငခင်ညို ဆုံးဖြတ်လိုက်သည်။ အခွင့်သာလျက် တာဝန်မကျေပွန်ဟုဆိုကာ သူ့သခင်သတ်လိုက သတ်စေ၊ ထမင်းရှင်ကို မသတ်လိုပြီဟု ဆုံးဖြတ်ကာ စစ်ကိုင်းမင်း အိပ်ဆောင်အတွင်းမှ ပတ္တမြားကျောက်စီဓားကို ဆက်သအပ်နှံပြီး အလုံးစုံကို ပြန်လည် လျှောက်တင်လိုက်သည်။
ဤနေရာတွင် သခင်ဖြစ်သူ ငါးစီးရှင်ကျော်စွာ၏ တွေးဆပုံမှာ အလွန်အရေးကြီးပါသည်။
ကျွန်ယုံတော် ငခင်ညိုသည် အစဉ်ကျွေးမွေးစောင့်ရှောက်ခဲ့သော ငါ၏ ကျေးဇူးတရားများကိုမှ မထောက်ထား။ တစ်ကြိမ်တစ်ခါ ကျွေးမွေးပြုစုသူ၏ ကျေးဇူးကိုသာ ထောက်ထားလျက် ငါပေးအပ်ခဲ့သော တာဝန်များကို ဖောက်ပြားကျူးလွန်သည်ဟု တွေးဆနိုင်သည်။ ငခင်ညိုသည် တစ်ကြိမ်တစ်ခါ ကျွေးမွေးခဲ့သူ၏ ကျေးဇူးကိုပင် ဤမျှအထိ သိတတ်ပါက အကြိမ်ကြိမ်အခါခါ ကျွေးမွေးခဲ့သော ငါ၏ ကျေးဇူးကိုကား ဆိုဖွယ်ရာ မရှိပြီဟု တွေးဆနိုင်ပါသည်။
အဆိုပါ တွေးဆချက် နှစ်ခုစလုံး၌ ကျေးဇူးတရားကို နှိုင်းယှဉ်ချိန်စက်သည့် သဘောပါနိုင်ပါသည်။
သို့တစေ ပထမတွေးဆချက်မှာ ကျေးဇူးတရားကို ကြွေးမြီကဲ့သို့ ပြန်လည်ရလိုသောဇောဖြင့် ချိန်စက်သည့် သဘောမျိုးက အလေးကဲပြီး ဒုတိယတွေးဆချက်မှာ ကျေးဇူးတရားကို ကောင်းမြတ်သော စိတ်စေတနာဖြင့် ပြုခဲ့သည့် ကောင်းကျိုးပြုမှုတစ်ခုအဖြစ် တန်ဖိုးထားအကဲဖြတ်သော သဘောမျိုးက အလေးကဲမည် ထင်ပါသည်။
ရာဇ၀င်၌မူ ငါးစီးရှင်ကျော်စွာက ဒုတိယတွေးဆချက်ဖြစ်သည့် သူတော်ကောင်းအတွေးကို တွေးလျက် ကျွန်ယုံတော် ငခင်ညိုအား အပြစ်မယူရုံမက ဆုလာဘ်တော်များပင် ချီးမြှင့်ခဲ့ပါသည်။
“ကျေးဇူးရှင်တွေများလွန်းလို့ ညညဆို ခြေထောက်ကို ဘယ်ဘက်ထားအိပ်ရမှန်း မသိဘူး”
ကဗျာဆရာတစ်ဦး၏ ကဗျာတစ်စကို အဲဒီလို ပြန်လည် အမှတ်ရနေမိပါသည်။
ကဗျာလေးကို အဖြောင့်အတိုင်း စဉ်းစားလျှင်လည်း သူ့အနက်မှာ လှပ၍ နေပါသည်။ မသိမသာ ရိပ်ဝဲ နေသော ထေ့ထေ့လေသံကို ထည့်သွင်းစဉ်းစားလျှင်လည်း သူ့အနက်မှာ လှပ၍ နေတုန်းပဲဖြစ်ပါသည်။ ကဗျာဆရာသည် ကျေးဇူးတရားကို အကြွေးမှတ်သလိုမှတ်၍ အကြွေးပြန်တောင်းသလို လိုချင်နေတတ်သော လူအတော်များများကို တွေ့ခဲ့မြင်ခဲ့၍ ထိုကဗျာလေးကို ဖွဲ့ခဲ့လေသလားဟူ၍ စဉ်းစားဆင်ခြင်စရာ ရှိပါသည်။
စင်စစ် ကျေးဇူးတရားဆိုသည်မှာ သူ့အလိုအလျောက် လှပခမ်းနားနေသော၊ သူ့အလိုအလျောက် ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသော ကမ္ဘာလောကက ပေးကမ်းချီးမြှင့်ထားသည့် တန်းဖိုးမဖြတ်နိုင်သော လက်ဆောင်မွန် တစ်ခုပဲဖြစ်ပါသည်။ ချေ၍ မကြေ၊ ချွေ၍ မကြွေနိုင်သော ရှင်သန်တည်မြဲနေတတ်သည့် အသက်ဓာတ်ကိန်းဝပ်နေပြီးလည်း ဖြစ်ပါသည်။ လူတစ်ယောက် ကွယ်လွန်ဆုံးပါးသွားသောအခါ သူပြုဖူးသော ကျေးဇူးတို့သည် သူနှင့်အတူ လိုက်ပါကုန်လွန်ဆုံးပါးသွားခြင်း မရှိမူ၍ ကျေးဇူးသိသောသူတို့၏ မြေကမ္ဘာ တစ်နေရာ ရာတွင် ရှင်သန်ကျန်ရစ်ခဲ့စမြဲပင် ဖြစ်ပါသည်။ ကျေးဇူးရှိသူ၏ အသက်ကို တစ်ကြိမ်တစ်ခါ ပြန်လည် ကယ်တယ်ခဲ့ ဖူးရုံမျှဖြင့် “ကဲ......ကြေပြီ မဟုတ်လား” ဟူ၍ ချေလို့ရနိုင်မည် မထင်ပါ။ နှစ်ကြိမ်နှစ်ခါမက အကြိမ်ကြိမ်အခါခါ ပြန်လည် ကယ်တင်ခဲ့ဖူးလျှင်သော်မှ ချေလို့ ရနိုင်မည် မထင်ပါ။ “ဘဲစားဘဲချေ”ချေ၍ ကြေနိုင်သည်မျိုး မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးဆိုသည်မှာ ကြွေးမြီ မဟုတ်သောကြောင့် ဖြစ်ပါသည်။
ကျေးဇူးပြု၍ “ကျေးဇူး”ဆိုသည်ကို ပေါ့ပေါ့တန်တန်ဖွင့်ဆိုခြင်း မပြုကြပါရန် မေတ္တာရပ်ခံလိုပါသည်။ ။
မောင်ရင့်မာ(ကျောင်းကုန်း)
အမှတ်(၂၁၀)
၂၀၀၉၊ စက်တင်ဘာလ
အတွေးအမြင်

Sunday, October 4, 2009

နားလည်နိုင်ပါစေ

တကယ်ပါ
မင်းအတွက်ဆိုရင်လေ.....
ကိုယ့်အသွေးအသားတွေကို ပေးဆပ်ချင်ပါတယ်။
ရယူခြင်းဆိုတာထက် ပိုတဲ့အချစ်တွေနဲ့
မင်းလေးကို ချစ်ခဲ့မိတာပါ
ဒါတွေကို မင်းလေးနားလည်နိုင်ပါစေ.........

Sunday, September 27, 2009

အချိန်

ရပ်နေသော..နာရီသည်
တစ်နေ့(၂)ခါမှန်၏..
သွားနေသော..နာရီကား
မှန်ခဲ၏..
မည်သို့ပင်ဖြစ်စေ..
သင်သည်..အချိန်ကိုလေးစားရာ၏..
လူသားတို့၏..“ဘ၀တိုးတက်မှု”
အနိမ့်အမြင့်..ကွာရခြင်းကား..
တစ်နေ့၏.. စက္ကန့်အချိန်များကို...
တန်ဖိုးထားခြင်းနှင့်..
ထိုအချိန်များကို..
မည်သို့အသုံးပြုခြင်းအပေါ်၌
“ကွာဟ”သွား၏..
သင့်ဘ၀ကို..ချစ်ပါ၏လော...
သို့ဆိုလျှင်.....
သင့်ဘ၀အချိန်များကို....
ချစ်တတ်ရာ၏....
အကြောင်းမှာ..
လူသက်တမ်းကို...“နှစ်(၁၀၀)”နှင့်တွက်လျှင်..
သင်သည် ဤလောက၌ ရက်ပေါင်း
(၃၆၅၀၀)သာနေခွင့်ရှိသည်...။
သင့်ဘ၀၏..နေ့ရက်များကို
မည်မျှ.. သုံးပြီးပြီနည်း...
သင့်ဘ၀၏..နေ့ရက်များ...
မည်မျှသာ.. ကျန်တော့သနည်း...
ထိုကျန်သော နေ့ရက်များကို...
သင်မည်သို့ အသုံးပြုမည်နည်း....။
“သတိ”ဖြင့် အချိန်ကိုလေးစားပါလော့..
သင့်အား..သူတစ်ပါး..ကြာရှည်စွာ..
စောင့်မျှော်ရခြင်းမျိုး.. မဖြစ်စေနှင့်..
အကြောင်းမူ..
ထိုသူတို့သည်လည်း..
သူ့ဘ၀နှင့်.. သူ့အချိန်နှင့်ဖြစ်၏..။
“ဦးစီးခေါင်းဆောင်”တစ်ယောက်သည်...
သူ့အချိန်ကို.. သူမလေးစားပါက..
“ငယ်သား”လေးစားမည်မဟုတ်ချေ..။
“အချိန်နှင့်ပြိုင်၍..ကစားလော့..”
သင်၏ “စီမံခန့်ခွဲမှုအစွမ်း”..
မည်မျှရှိသည်ကို..
ဆုံးဖြတ်ပေးပေလိမ့်မည်...။
အချိန်နှင့်အကြိမ်ကြိမ်ပြိုင်၍ ကစားလော့...
သင်အကြိမ်ကြိမ်ရှုံးသည်ဖြစ်စေ..
သင့်အရည်အချင်းတိုးတက်၏..
အချိန်နှင့်ပြိုင်၍...“သင်မသေနိုင်”...။
“လော”၍ မရသော....
အကြောင်းတရားတို့သည်လည်းရှိသေး၏..
ပန်းတစ်ပွင့်၏ ဖူးပွင့်ခြင်း..
“ပါရမီ”နည်းသူ..
အနုပညာဖန်တီးသူ..
သန်းခေါင်ယံ၌..“နေမင်းကြီး”ကိုစောင့်စားသူ....
စာသင်သား..
တစ်ထိုင်တည်း.. ဖြေရှင်း၍မရသော “ပြဿနာ”......။
အချိန်သည် “သစ္စာတရား”လည်း ဖြစ်၏..
နက်ဖြန်၌ နေမင်းကြီးထွက်လာပါမည်လော...
သင်ပူပင်ဖူးပါ၏လော...........
အချိန်ဟူသည်..
“တကယ်မရှိ”သော... “အရှိတရား”လည်းဖြစ်၏..
“တကယ်ရှိ”သော ..“မရှိခြင်းတရား”လည်းဖြစ်၏..
ဘက်မလိုက်တတ်သော
တရားသူကြီးတစ်ယောက်နှင့်လည်းတူ၏..
နှလုံးသားမပါသော
ခရီးသွားတစ်ယောက်နှင့်လည်း တူ၏..
ကြားပြီးလျှင်..ပြန်ပျောက်သွားသော...
တီးတိုးသံလေး..တစ်ခုနှင့်လည်းတူ၏..
မိုးတိမ်တိုက်တို့၏..
ပျံသန်းခြင်းနှင့်လည်းတူ၏....
ငေးမောသူကလည်း.. ငေးမောဆဲ
သွားသူကလည်း..သွားနေဆဲ.....။
“စောင့်”...ရမည့် အချိန်တွင်..
မတက်လေနှင့်...
“တက်”ရမည့်အချိန်တွင်လည်း
မစောင့်လေနှင့်....။
ထိုအရာကို ခွဲခြားတတ်ရန်
သင်အကြိမ်ကြိမ်....
“အချိန်”နှင့် ကစားလော့

ဖွဲ့စည်းပုံ

လူသားဘ၀တစ်ခု၏........
ဖွဲ့ စည်းပုံ၌
အကြိမ်ကြိမ်မှား၍ အကြိမ်ကြိမ်မှန်ခြင်းတို့ဖြင့်
ဖွဲ့ စည်းထား၏...။

လက်ခံခြင်း

အလုပ်တွင်း၌
အမှားကိုလည်း..လက်ခံရဲရာ၏...
အမှန်ကိုလည်း..လက်ခံရဲရာ၏...
ဤလောက၌...
မမှားဘူးသူဟူ၍ မရှိ....။
“ယနေ့အမှားသည်....
နက်ဖြန်...သင့်ဆရာပင်ဖြစ်၏”

Saturday, September 26, 2009

ဖြူစင်သောနှလုံးသား

ဘ၀လမ်းသည် ကလေးကစားကွင်းကြီးနှင့် တူနေခြင်းကြောင့် “ရှုံးခြင်း”“နိုင်ခြင်း”သည် အဓိက..မဟုတ်
“ဖြူစင်သော...နှလုံးသား”နှင့် ယှဉ်ပြိုင်ရန်သာ......အဓိကဖြစ်၏

Wednesday, July 15, 2009

အရမ်းလွမ်းတယ်

တကယ်တော့
ချစ်သူနဲ့ ကိုယ်နေတဲ့အရပ်ဟာ
မိုင်၊ ဖာလုံ ဖွဲ့ပြလို့ ရပါတယ်
အခုတော့……….
မိုင်၊ ဖာလုံ ဖွဲ့ပြလို့ မရအောင်
ဝေးနေရတော့………
အရမ်းလွမ်းတယ် ချစ်သူရယ်

Wednesday, April 15, 2009

မှတ်စုတိုများ

အချိန်သာလျှင် အကောင်းအဆိုးကို စမ်းသပ်သိရှိနိုင်မည်။
အဖြစ်မှန်သာလျှင် အတုအစစ်ကို သက်သေထူပြနိုင်မည်။
နားဖြင့်လျှော့နားထောင်ပြီး မျက်စိဖြင့် ပိုကြည့်ပါ။
သို့မှသာ အတိမ်းအစောင်း အမှားအယွင်းနည်းမည်။
လက်ညှိုးဖြင့်လျှော့ညွှန်ပြီး ခြေထောက်ဖြင့် ပိုလျှောက်ပါ။
သို့မှသာ အကျိုးဖြစ်ထွန်းမှု ပိုများမည်။
နှုတ်ဖြင့်လျှော့ပြောပြီး ဦးနှောက်ကို ပိုသုံးပါ။
သို့မှသာ ဘက်စုံအသုံးချနိုင်မည်။
ဦးနှောက်သုံး စဉ်းစားတွေးဆခြင်းမပြုလျှင် အများအားဖြင့် မှားယွင်းတတ်သည်။
အတွေ့အကြုံရှိသည့် လုပ်ဆောင်မှုသည် အများအားဖြင့် စိတ်ချနိုင်လောက်သည်။

Friday, April 10, 2009

ရင့်သန်မှုနှင့် ရင့်ရော်မှု


အတွေးအခေါ်ရင့်သန်မှုသည် ဘ၀ တိုးတက်ရေးအတွက် အထူးလိုအပ်ချက်တစ်ရပ် ဖြစ်သည်။ အတွေးအခေါ်ရင့်သန်မှုနှင့် ရင့်ရော်မှုတို့ကို ခွဲခြားတတ်ရန် လိုပါသည်။ ရင့်သန်သည်ဆိုသည်မှာ ခေတ်မီရုံတင်မက၊ ခေတ်ထက်တောင်မှ ရှေ့တန်းကျသည်။ ခေတ်၏ရှေ့ဆောင်သဖွယ် ဖြစ်နိုင်သည်။ ထိုသို့သော လူကြီးမျိုးသည် လူငယ်များကို နားလည်သည်။ လက်ခံအားပေးသည်။ လူငယ်များကို ရှေ့ဆောင် လမ်းပြ၏။ အတွေးအခေါ်ရင့်ရော်သူများကတော့ လူငယ်တွေ တိုးတက်မှာကို လက်မခံကြဘူး။ လူငယ်တွေရဲ့ အပြစ်ကိုသာ ရှာကြတယ်။ ဝေဖန်ကြတယ်။ သူတို့တဖြည်းဖြည်း အသုံးမကျတာကို ဖုံးဖိချင်ကြတယ်။ ဒါနဲ့ပဲ လူငယ်တွေရဲ့အပြစ်ကို ပြောတော့တာပဲ။ သူတို့ဘာလုပ်ခဲ့တယ်လို့ ကြွားချင်တယ်။ တို့ခေတ်တုန်းက ဘယ်လိုလို့ ရေရွတ်တယ်။ အသက်ကြီးလေလေ စိတ်ဓာတ်ရင့်ရော်လေလေပဲ။ လူကြီး လူတေဆိုတာမျိုး အသက်ကြီးတာကို အခွင့်ကောင်းယူပြီး လူပါးဝနေတဲ့ ပုဂ္ဂိုလ်တွေကို အပေါကြီးလို့ ခေါ်ရလိမ့်မယ်။

Thursday, April 2, 2009

ဘ၀လမ်းပြ လူ့စကားပုံ

လူ့လောကကြီး၌ လူအချို့သည် တက်လျက်ရှိပြီး အချို့မှာက ဆင်းလျက်ရှိကြ၏။ လောကကြီးကား လှေကားတစ်ခုနှင့်တူ၏။
လူမှန်သမျှ မိမိကိုယ်ကို ကျောက်ဆောင်၊ ပတ်ဝန်းကျင်ကို လှိုင်းတံပိုးကဲ့သို့ သဘောထားပါ။
လူသည် ကိုယ့်အကြောင်းကို ကိုယ်သိအောင် ကြိုးစားရန် များစွာ လိုသေးသည်။
လူများသည် အမြဲ ချင် ကိုက်ခံနေရ၏။ လိုချင်၊ ရချင်၊ ဖြစ်ချင်သာဆန္ဒကို လိုက်နေရသည်။
လူသည် မိမိလုပ်ဆောင်ချက် အတိုင်းအတာအရ တုံ့ပြန်မှုတူညီသော ခံစားချက်သာလျှင် ခံစားရပေမည်။ ဤသည်ကို အလိုမကျ၊ မကျေမနပ်ဖြစ်နေလျှင် မိမိကိုယ်ကို ညှင်းဆဲရာရောက်၏။
လူမှန်သမျှ အကျိုးခံစားလိုလျှင် အကျိုးဖြစ်မည့်အကြောင်းကို ပြုရ၏။ အကျိုးခံစားရမည့်အကြောင်းကို မပြုဘဲ အကျိုးခံစားရန် မရှိ။
လူသားအတွက် လောက၌ အလိုအပ်ဆုံးတရားသည် သတိတရားဖြစ်၏။ အစဉ်သတိတရားကို သတိထားမှတ်သားလေ့ရှိရာ၏။ ဘေးဒုက္ခတို့သည် သတိကင်းမဲ့သော သူတို့ထံသို့သာ ၀င်လာသော်လည်း သတိရှိသူတို့အား ဘေးဒုက္ခတို့ မတတ်နိုင်ကုန်။

Sunday, March 29, 2009

ပြီးမြောက်သည့်ဆေး

စာနာကူဖေး၊ လက်ကလေးလျှင်
နွေးထွေးမှုနှင့် လှပါ၏။
ပြုံးရွှင်ရယ်မော၊ မျက်နှာချောလျှင်
သောကပြေအောင် ထမ်းရွက်ဆောင်၏။
ချိုသာဆက်ဆံ၊ ဆိုနွဲ့ဟန်လျှင်
ထန်သောဒေါသ ငြိမ်းစေ၏။
စိတ်ကောင်းကိုထား၊ မပလွှားနှင့်
များနှင့်ဆက်ဆံ၊ စဉ်သည်းခံ၍
ကောင်းရန်အမြင်၊ ဆိုးပြုပြင်လျက်
ဖြူစင်စာနာ၊ မေတ္တာပါသော်
လိုရာပြီးမြောက် နိုင်ပါ၏။
မောင်သဲခေါင်
မင်္ဂလာမောင်မယ်

ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့လူ

ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ
ရုပ်ချောနှင့်အပြောကောင်းတွင် အပြောကောင်းသူကို ပို၍ ချစ်ကြသည်။
အပြောအဆိုလိမ္မာသူတို့၏ အမူအကျင့်ကောင်းများ
၁။ သူတစ်ပါးစကားကို အာရုံစိုက်နားထောင်ခြင်း။
၂။ တစ်ဖက်သား စိတ်ဝင်စားမည့်အကြောင်းရပ်ကိုပြောဆိုခြင်း။
၃။ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောခြင်း။
၎။ စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကျဉ်ခြင်း။
၅။ ရှင်းလင်းတိကျစွာ ပြောဆိုခြင်း။
၆။ မေးခွန်းကောင်း မေးတတ်ခြင်း။
၇။ မတူသော သဘောထားကို တစ်ဖက်သား စိတ်မငြိုငြင်အောင် ပြောတတ်ခြင်း။
၈။ သူတစ်ပါးစကားကို ကြားဖြတ်မပြောခြင်း။
၉။ တစ်ဖက်သားကို သည်းခံနိုင်စွမ်းရှိခြင်း။
၁၀။ အခါအားလျော်စွာ ချီးမွမ်းစကားဆိုခြင်း။
သူစိမ်းတွေနဲ့လည်း ခင်ခင်မင်မင်
သူစိမ်းများနှင့် သိကျွမ်းခင်မင်ရတာ ပျော်စရာကောင်းပါသည်။ နှုတ်ဆက်စကားပြောလျှင် ဖော်ဖော်ရွေရွေ ပြန်ပြောချင်သူတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိသည်။ စမ်းကြည့်ပါ။
အားနာပါးနာ ခေါင်းမညိတ်ပါနှင့်
၁။ သူတစ်ပါး သဘောကျဖို့ နှစ်သက်လက်ခံကြစေဖို့
၂။ သူတစ်ပါး စိတ်ထိခိုက်မှာ စိုးရိမ်ခြင်း
၃။ သူ့အပေါ် ကိုယ်ကျေးဇူးလေး ရှိထားစေချင်၍
ခေါင်းမညိတ်ရန်
၁။ မလေးမစား အားမနာပါးမနာ အကူအညီတောင်းခြင်းမျိုး
၂။ မိမိတန်ဖိုးထားသည့် ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်သည့် တောင်းဆိုမှုမျိုး
၃။ သူလုပ်ရမည့်ကိစ္စ ကိုယ့်ကိုခိုင်းလာခြင်းမျိုး
၎။ မိမိကျိုးကြောင်းသင့်စွာ စဉ်းစားထားသည့် ဦးစားပေးအစီအစဉ်နှင့် ဆန့်ကျင်နေသည့် တောင်းဆိုမှုမျိုး
၅။ မိမိခေါင်းညိတ်ထိုက်ပါက ဆက်စပ်နေသည့် အခြားသူများမှ အနှောင့်အယှက် ဖြစ်သွားနိုင်သည့် ကိစ္စမျိုး
ငြင်းပယ်ရန်
၁။ ပြတ်ပြတ်သားသားငြင်း၊ မျှော်လင့်ချက်မပေးနဲ့
၂။ အကျိုးသင့် အကြောင်းသင့် ရှင်းပြရန် မလို
၃။ စိတ်မရှည်သံ ဒေါသသံ မပါစေနဲ့
၎။ အပြတ်မငြင်းနိုင်ရင် အစားထိုးလုပ်ပေးစရာရှာ
ရင်းနှီးပွင့်လင်းလွန်းခြင်း
ရင်ထဲရှိသမျှ ဖွင့်ဟလိုက်ချင်သည့်ဆန္ဒကို သတိထားထိန်းချုပ်ပါ။ အလုံးစုံသိရခြင်းကြောင့် နှစ်ကိုယ့်တစ်စိတ် ဖြစ်မလာ၊ ဝေးကွာစရာအကြောင်းများသာ ပို၍ များပေသည်။
ပရိတ်သတ်ရှေ့မှာ စကားပြောခြင်း
၁။ သင့်တော်သော အကြောင်းအရာ(ခေါင်းစဉ်)ရွေးပါ။
၂။ အကြောင်းအကျိုး ဆက်စပ် စီစဉ်ပါ။
၃။ အစမ်းလေ့ကျင့်ပါ။
၎။ ဟောပြောချက်မှတ်စု အတိုဆုံး ထုတ်ထားပါ။
(က) ပရိတ်သတ်နှင့် ရင်းနှီးစွာ စကားဆို
(ခ) ပရိတ်သတ်ကို ကြိုတင်မတောင်းပန်နှင့်
(ဂ) အထွတ်အထိပ်သို့တင်ကာ နိဂုံးချုပ်
ချီးမွမ်းစကားလေးတစ်ခွန်း
သည်ကနေ့မှစ၍ ဘေးပတ်ဝန်းကျင်ရှိ မကြီးကျယ်လှသော ထူးချွန်မှုကလေးများကို သတိထားကြည့်ကာ ချီးမွမ်းစကားဆိုကြပါစို့။ သည်လို ချီးမွမ်းသဖြင့် မိတ်ဆွေသင်္ဂဟများမှာသာ ၀မ်းမြောက် ပျော်ရွှင်စရာ တိုးလာသည်မဟုတ်၊ ကိုယ် ကိုယ်တိုင် ဘ၀များသည်လည်း ရွှင်ပျနေသော ပတ်ဝန်းကျင်ကြောင့် ပို၍ သာယာချမ်းမြေ့ဖွယ် ဖြစ်လာမှာ သေချာပါသည်။

Thursday, March 19, 2009

အင်တာနက်ကျန်းမာရေး


ငယ်ရွယ်စဉ်ကတည်းက အသားများများ စားသုံးလေ့ရှိသူများ
သွေးကင်ဆာဖြစ်ပွားရန် ရာခိုင်နှုန်းများ
ငယ်ရွယ်စဉ်ကပင် စတင်ကာ အသားများများ စားသုံးလေ့ရှိသူများသည် အရွယ်ရောက်လာသည့်အခါ သွေးကင်ဆာရောဂါဖြစ်ပွားရန် ရာခိုင်နှုန်းများကြောင်း အမေရိကန်ဟားဗတ်တက္ကသိုလ်မှ သုတေသန ပညာရှင်များက သတိပေးလိုက်သည်။ စားသောက်မှုအလေ့အထသည် သွေးနှင့်ပတ်သက်သော ရောဂါများကို ဖြစ်ပွားစေရန် တွန်းအားပေးသည့်အချက်ဖြစ်ကြောင်း၊ အသက်နှစ်နှစ်မှ ၂၀ အရွယ်အကြား ကလေးငယ်နှင့် လူငယ်များအနေဖြင့် အသားများများ စားသုံးခြင်းသည် ဆိုးရွားသော သွေးနှင့်ပတ်သက်သည့် ရောဂါများဖြစ်ပွား စေတတ်ကြောင်း ၄င်းတို့သုတေသနပြုလုပ်ချက်၌ ဖော်ပြထားသည်။ ငယ်ရွယ်စဉ်ကပင် အသားများများ စားသုံး လေ့ရှိသူများအနေဖြင့် သွေးကင်ဆာဖြစ်ပွားရန် ၇၄ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ အသားများများ စားသုံးလေ့ ရှိသူများ၏ သွေးအတွင်း၌ သွေးကလာပ်စည်းများ ပျက်စီးမှုမှာ သာမန်လူများထက် ပိုမိုများပြားကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။ ထို့ကြောင့်ငယ်ရွယ်စဉ်ကပင် ဟင်းသီးဟင်းရွက်များကို များများစားသုံးသည့် အလေ့အထရစေရန် ပြုစုပျိုးထောင်ပေးသင့်ကြောင်း ၄င်းတို့က အကြံပြုထားသည်။
ဗီတာမင်စီ ပါဝင်သော အစားအစာများ ပုံမှန်စားသုံးပေးခြင်းဖြင့်
အဆစ်အမျက်ရောင်ရောဂါ အမျိုးသားများ၌ မဖြစ်ပွားနိုင်
ဗီတာမင်စီ ပါဝင်သောအစားအစာများ နေ့စဉ်စားသုံးမှု လျော့နည်းပါက အမျိုးသားများတွင် အဆစ်အမျက်ရောင်ရောဂါ ခံစားနိုင်ရကြောင်း ပြင်သစ်သုတေသနပညာရှင်က ထုတ်ဖော်ပြောကြားသည်။ သံပုရာသီး၊ လိမ္မော်သီးနှင့် အခြားသော ဗီတာမင်စီပါဝင်သည့် အစားအစာများကို သတ်မှတ်ထားသော ပမာဏ ပြည့်မီစွာ စားသုံးပါက အမျိုးသားများတွင် အဆစ်အမျက်ရောင်ရောဂါ မခံစားရနိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ အမျိုးသားများအနေဖြင့် တစ်နေ့လျှင် ဗီတာမင်စီ ဂရမ် ၁၀၀၀ မှ ဂရမ် ၁၅၀၀ အတွင်း စားသုံးပေးပါက အဆစ်အမျက်ရောင်ရောဂါဖြစ်ပွားမှု ၃၄ ရာခိုင်နှုန်း လျော့နည်းစေကြောင်း သိရသည်။ ဗီတာမင်စီသည် ခန္ဓာကိုယ်အတွင်း အဆစ်အမျက်ရောင်ရောဂါ ဖြစ်ပွားစေသည့် ယူရစ်အက်စ် သာမန်ထက်များမှုသည် ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်ကို ပြောင်းလဲကာ ဆိုးရွားသည့် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေကြောင်း ပြင်သစ်သုတေသနပညာရှင်များက ပြောကြားသည်။
မြန်မာ့အလင်း(အင်တာနက်ကျန်းမာရေး)မှ

မြသက်နှင်း အင်းလေးရိုးရာအထည်ဆိုင်


အေးချမ်းလှပတဲ့ တောင်ကြီးမြို့ကို အလည်တခေါက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
တောင်ကြီးမြို့ကို ရောက်ရင်တော့ လည်စရာများပြီး shopping
ထွက်ဖို့ကောင်းတဲ့ မြို့လေးတစ်မြို့ပါ။ လူမျိုးတိုင်းမှာ ရိုးရာ၊ ဓလေ့ရှိတာရှိစမြဲပါ။ ရှမ်းရိုးရာ
အင်းရိုးရာဟာ ချစ်စရာကောင်းတဲ့ဓလေ့ပါ။ အဲဒီချစ်စရာ ရိုးရာလေးတွေစုံတဲ့
ဆိုင်လေးတစ်ဆိုင်ကိုညွန်းပြပါရစေ။ ဆိုင်နာမည်လေးက ''မြသက်နှင်း၊
အင်းလေးရိုးရာအထည်ဆိုင်"
K-165၊ 166 မြို့မဈေး၊ မြေညီထပ်မှာပါ။
အဲဒီဆိုင်မှာ ချည်ထည်၊ ပိုးထည် ဒီဇိုင်းလှလှလေးတွေ ပန်းချီရိုးရာလက်မှု
hand made စစ်စစ် ဒီဖိုင်းဆန်းဆန်းလေးတွေရှိပါတယ်။ ကိုယ်လိုချင်တဲ့
ဒီဇိုင်းပုံများကိုလည်း စိတ်တိုင်းကျ ဆွဲပေးချုပ်လုပ်ပေးပါ။ ၀တ်ယူ၊
ဝယ်ယူလိုသူ စိတ်တိုင်းကျ အားလုံးကို ပြင်ဆင်ဒီဇိုင်းဆွဲပေးပါတယ်။
တခါတခေါက်လောက်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။
ဆိုင်မှာ ရောင်းတဲ့ပစ္စည်းတွေရဲ့ အရည်အသွေးကောင်းသလို ဆိုင်မှာရှိတဲ့ ၀န်ဆောင်မှုက လူကြီးမင်းရဲ့ စိတ်ကို စိတ်တိုင်းကျသွားမယ်ဆိုတာကို အာမခံပါတယ်

ကျွန်တော့်ရွာ

အဆိုတော်သန်းထွန်းလေးရဲ့ မွေးဌာနီသီချင်းကို တော်တော်များများ ကြားဖူး၊ နားထောင်ဖူးကြမှာ ပေါ့ဗျာ။ “မွေးဌာနီ အညာရပ်ဆီသို့ ဘယ်ဆီမျှော်မှန်း စိတ်မှာတမ်းတ လွမ်းရပါသည် တမ်းတပါသည် လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ရောင်မိတော့သည် တစ်ခါလာမည် အညာဌာနီ ကျွန်တော့အတွက်တော့ မေ့မရပါလေပြီ”
ဟိုးအရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက သီချင်းစာသားလေးအတိုင်းပေါ့ဗျာ..
အခုလို ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာဆိုတော့ အားပါးပါး…လားလားမှ မဆိုင်တော့ဘူးဆိုတာ ကိုယ်တွေ့မိုလို့သာ ယုံလိုက်ရတာဗျို့။
ကျွန်တော့ မွေးဌာနီက မင်းဘူး-စလင်းကားလမ်းဘေးက ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာလေ။ မင်းဘူးနဲ့စလင်းကိုသွားမယ်ဆိုရင် (၂)ချောင်းကို ကျော်နိုင်မှ ရတယ်ဗျ။ မုန်းချောင်း၊ မုန်းချောင်းဆိုတဲ့ ချောင်း(၂) ချောင်းကို ဖြတ်ကျော်သွားရတယ်။ မင်းဘူးဘက်ကလာမယ်ဆိုရင် မန်းချောင်းကို အရင်ကျော်ရတယ်။ ပြီးမှ မုန်းချောင်းကို ကျော်သွားနိုင်မှ စလင်းဘက်ကို ဆက်သွားလို့ရတယ်။ စလင်းဘက်ကလာမယ်ဆိုရင် ပြောင်းပြန်ပေါ့ဗျာ။(စာရှည်မှာစိုးလို့) ဖြတ်ရေးလိုက်အုံးမယ်။ စလင်းကနေ ဆင်ဖြူကျွန်းကိုဖြတ် ချောက်ကိုလည်း သွားလို့ရသေးတယ်။ ချောက်ဆိုတာက ရေနံမြေသပိတ်စတဲ့ ဒေသကိုပြောတာနော်။ သူက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာရှိတယ်။ (အဲဒီတော့ ကျွန်တော်တို့က အနောက်ဘက်ကမ်း ဖြစ်တယ်ဆိုတာကို ကိုယ့်ဘာသာ သိနော်) ဆက်မယ်…. ရှေ့ကပြောထားတဲ့ မုန်းချောင်း၊ မန်းချောင်းကို ကျွန်တော်တို့ ဘယ်လို ကျော်ရသလဲဆိုတာကို ပြောမယ်။ မုန်းချောင်းကို ကျော်ဖို့ လှေရှိတယ်။ လှေနှစ်စီးကို ဘေးချင်းယှဉ်ပြီး အဲဒီလှေနှစ်စီးအပေါ်မှာ အခိုင်အမာ စင်ရိုက်ထားပြီး ကားတွေ၊ လှည်းတွေကို တင်နိုင်အောင်လုပ်ထားတဲ့ ဒေသအခေါ် ဖောင်(အခြားဒေသအခေါ်- ကူးတို့ဇက်) ရှိတယ်။ အဲဒီနှစ်မျိုးကို လူက ၀ါးထိုး၊ လေနဲ့ရွက်တိုက်လုပ် ပြီး ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ဖြတ်ကျော်ရတယ်။ နောက်ပိုင်းမှာ တရုတ်နီကူဘိုတာတွေတပ်ပြီး စက်နဲ့ ကူးသန်းမှု ပြုတော့တယ်။(တဖြေးဖြေး ခေတ်မီလာပြီနော်၊ စိတ်ဝင်စားစရာကောင်းတယ် မဟုတ်လား) မိုးတွင်းဆိုရင်တော့ အခက်အခဲတွေစလာပြီဗျာ။ မုန်းချောင်းကူးတို့ဆိပ်မှာက လမ်းတွေချော်နေလို့ ဖောင်ပေါ်ကို ကားတွေတက်မရတော့ဘူးဆိုရင် ကျွန်တော်တို့ရွာလေးမှာ စလင်း-မင်းဘူးသွားတဲ့ အသွားအပြန်ကားတွေ ပိတ်မိနေပြီဆိုတော့ ခရီးသွားတဲ့လူတွေနဲ့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင်တွေမှာ စည်ကားတာမှ တအားပဲ။ တော်ရုံ ရွာ ဘုရားပွဲ ဘယ်လိုက်မီမလဲ။ လမ်းချော်နေတဲ့အချိန် ကားဆင်းလို့ကတော့ အဲဒီကား မုန်းချောင်းထဲ ရေသောက်ဆင်းလိုက်တာ တော်တော်နဲ့ပြန်တက်မလာတော့ဘူး။ တစ်နှစ် တစ်နှစ် ရေသောက်ဆင်းတဲ့ ကားတွေလည်း မနည်းဘူးဗျ။ မုန်းချောင်းဆိုတာက ရေအတက်အကျ သိပ်မရှိဘူး။ သူက ပုံမှန်ပဲ။ နွေနဲ့ဆောင်းမှာ ရေနည်းမယ်။ မိုးတွင်းမှာ ရေများမယ်။ ဒါလောက်ပဲ။ မန်းချောင်းကျ အဲဒီလိုမဟုတ်ပြန်ဘူး။ သူက ဟိုးအထက်ပိုင်းမှာ ရေကျလာတယ်ဆိုရင် ကားကူးလို့ မရတော့ဘူး။ မန်းချောင်းက ကူးဖို့ ကူးတို့ဆိပ် မလိုဘူး မရှိဘူး။ မိုးတွင်းမှာ မကွေးကိုသွားဖို့ (၂)ရက်လောက် အချိန်ယူရတယ်။ (အရင်တုန်းက ပြောတာပါ) အခုတော့………….
မုန်းချောင်းနဲ့ မန်းချောင်းကို တစ်ပြိုင်နက် တံတားတွေ ဆောက်ပြီးသွားပြီ။ ဧရာဝတီတံတား(မကွေး) ကလည်း ဆောက်ပြီးသွားပြီဆိုတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလိုက်တာများ ရန်ကုန်-မန္တလေးသွားဖို့အတွက် အရင်တုန်းကလို အချိန်ယူပြီး မကွေးကိုကားသွားစီးစရာမလိုတော့ဘူးဗျာ။ ကိုယ့်ရွာထိပ်က ညောင်ပင်ပေါင်းမှာ ကားစောင့်စီးလို့ ရသွားပြီဗျာ။ အနော်ရထာတံတား(ချောက်)ကလည်း ဧရာဝတီမြစ်ကို ဖြတ်ပြီး တံတားဆောက်ထားတော့ လမ်းပန်းဆက်သွယ်ရေးကောင်းချက်ကတော့ ပြောကို မပြောချင်ဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းတော့ ကားတွေလည်း သိပ့်မနားကြတော့ဘူး။ ၀ီးကနဲ ၀ီးကနဲ ရွာကိုဖြတ်မောင်းသွားတဲ့ မြင်ကွင်းကို ရွာရောက်တဲ့အချိန်မှာ မြင်လိုက်ရတော့ ၀မ်းသာ၊ ၀မ်းနည်းဖြစ်ရတယ်ဗျာ။ ၀မ်းသာတာက သွားရတာအဆင်ပြေသွားလို့။ ၀မ်းနည်းတာက ကားတွေမနားတော့ ဈေးသည်တွေ အဆင်မပြေ တော့ဘူး။ ခေါင်းရွက်ဗျတ်ထိုးဈေးသည်ကအစ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်အဆုံး ကိုယ့်ရွာကလူတွေပဲ ၀ယ်လိုအား ရှိတော့ ရောင်းအားမကောင်းတော့ တွက်ချက်မကိုက်တော့တာကို ကြည့်ပြီး ဖြစ်မိတာပါ။ လမ်းပန်း ဆက်သွယ်ရေးကောင်းတော့ လူတွေကလည်း တော်ရုံတန်ရုံဆို ရန်ကုန်ဆိုတာချည်းပဲ။ အမြင်တွေ ပွင့်လာတာ ပြောပါတယ်။ ဆက်သွယ်ရေးကလည်း ဟိုးအရင်ကလို လက်လှည့်တယ်လီဖုန်းကနေ mobile phone တွေနဲ့ ဖြစ်လာတယ်။ ကျွန်တော်တို့တုန်းက သတင်းစာဖတ်ချင်ရင် တစ်ပတ်ကျော်လောက်မှ ရောက်လာတော့ ကိုယ်ဖတ်တဲ့အချိန်မှာ သတင်းက ဒိတ်အောက်နေပြီလေ။ အခုများတော့ ရန်ကုန်ကနေ တိုက်ရိုက် သတင်းစာ၊ ဂျာနယ်စုံတွေ တိုက်ရိုက်ရောက်နေတော့ up to date ပေါ့ဗျာ။ ICTခေတ်ကြီးမှာ ဖြစ်လာတဲ့ မွေးဌာနီကိုကြည့်ပြီး ပီတိဖြစ်မိတာပြောပါတယ်…..အရင်တုန်းက Television ဆိုတာကလည်း အိမ်တိုင်းမှာ ရှိတာမဟုတ်တော့ သူများ အိမ်မှာ စနေ၊ တနင်္ဂနွေဆိုသွားကြည့်ရတယ်။ အခုတော့ ဂြိုလ်တုစလောင်းတွေလည်း တော်တော် များများရဲ့အိမ်တွေမှာ တပ်ထားလိုက်တာ မိုးယိုလို့ အိမ်အမိုးကို ဖာထားတာလား အောက်မေ့ရတယ်။ Premier league, Champion League, FA Cap, Series A အကြောင်းတွေကို လက်ဖက်ရည်ဆိုင်မှာ ပြောနေကြတာများ သူတို့ကိုယ်တိုင် အင်္ဂလန်တို့ အီတလီတို့မှာ ကြည့်ပြီး ပြန်လာတဲ့အတိုင်း ပြောနေကြတာ။ ကျွန်တော်တို့တုန်းကတော့ မြန်မာအသံ(ရေဒီယို)ကလွှင့်တဲ့ တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲကို ဦးလှဝင်းရဲ့ အာဘော်နဲ့ပေါင်းပြီး နားထောင်ရင်း မကွေးတိုင်းဘောလုံးအသင်းအတွက် အားပေးလိုက်ရတာ…. (ဘောလုံးဟာဆိုရင်ဖြစ် လှိမ့်ကာလှိမ့်ကာနဲ့ ဂိုးတိုင်ဘေးကနေ ထွက်သွားပါတယ်ခင်ဗျာ) တစ်ခါတစ်ရံမှ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်လွှင့်တဲ့ Tiger ဖလားဘောလုံးပွဲကို ကြည့်ဖို့အရေး သူများအိမ်ကိုလည်း အားနာရ၊ မီးကလည်း လာမှ အဲဒီလိုအကျိုးအကြောင်းတိုက်ဆိုင်မှ ကြည့်ခွင့်ရတာ။
ဒီနှစ်တော့ အလုပ်ကလည်း ခွင့်ရတာနဲ့ အိမ်ကို ပြန်သွားလိုက်တာ အားပါးပါး ဆိုင်ကယ်တွေ စီးလိုက်ကြတာ ဝေါကနဲ ဝေါကနဲ။ ရွာအ၀င် ညောင်ပင်ပေါင်းဂိတ်ကိုရောက်တာနဲ့ အမြန်ကားပေါ်ကနေဆင်းပြီး အမေ့အိမ်ဆီကို ဦးတည်မယ်လုပ်တုန်း ကောင်လေးတစ်ယောက်အနားရောက်လာပြီး
ကောင်လေး။ ကိုဖိုးဌေး အိမ်ပြန်လာတာလား
ကျွန်တော်။ အေး ညီလေး ခွင့်ရလို့ အိမ်ခဏပြန်လာတာ မင်းဘယ်ကပြန်လာတဲလဲ။
ကောင်လေး။ ရွာကဆိုင်မှာ connection မကောင်းလို့ ပွင့်ဖြူကcyber မှာ သွားထိုင်ပြီး ပြန်လာတာ။ ကျွန်တော်လိုက်ပို့ပေးမယ်လေ။
အံ့သြတဲ့မျက်နှာပေးနဲ့
ကျွန်တော်။ ဘာကွ!ငါနားမရှင်းလို့ ပြန်ပြောစမ်းပါ။
ကောင်လေး။ ရွာကဆိုင်မှာ connection မကောင်းလို့ ပွင့်ဖြူက cyber မှာ သွားထိုင်ပြီး ပြန်လာတာ။(စိတ်တိုတဲ့လေသံနဲ့ ဒီလူနားလေးနေသလားပေါ့ဆိုတဲ့မျက်နှာပေးနဲ့)
ကျွန်တော်။ တို့ရွာမှာ cyberဆိုင်တွေဘာတွေရှိတယ်ပေါ့ ဟုတ်လား။
ကောင်လေး။ ရှိတာပေါ့။ ခုနှစ်ဆိုင်တောင်ရှိတယ်။
အဲဒီလိုနဲ့ မယုံချင်ယုံချင်နဲ့ သူ့ဆိုင်ကယ်နောက်ကနေလိုက်သွားခဲ့ရတယ်။
အိမ်ရောက်ခါနီးမှာ ကုန်စုံဆိုင်ကြီးကို လှမ်းမြင်လိုက်ရတော့ ညီလေး ဒါဘယ်သူ့ဆိုင်လည်းကွ! ဟာ အစ်ကိုကလည်း အဲဒါ အစ်ကိုတို့သူငယ်ချင်း ကိုကျော်လွင်တို့ဆိုင်ပေါ့(မမြင့်ကြည်နှင့် မောင်နှမများ စတိုးဆိုင်) ဟုတ်လား။ ဒါဆိုခဏလောက်ဝင်မယ်ကွာ။ ရတယ်အစ်ကို ကျွန်တော်စောင့်နေမယ်။
ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ အံ့သြစရာတွေ စတွေ့တော့တာပဲ။ CCTV ကင်မရာတွေ ဆင်ထားလိုက်တာများ။ ဈေးဝယ်တဲ့သူတွေကလည်း ကိုယ်လိုချင်တာ လိုက်ကြည့် ခြင်းလေးတွေထဲထည့် ပြီးတော့ ကောင်တာမှာ သွားပြီးငွေချေနဲ့ ခေတ်နဲ့အညီ စနစ်ကျနေလိုက်တာများ ရန်ကုန်က ရန်ကင်းစင်တာတို့ ဒဂုံစင်တာတို့များ ရောက်နေသလားတောင် အောက်မေ့ရတယ်။ အဲဒီလိုနဲ့ ဆိုင်ထဲကို ဝေ့ကြည့်လိုက်တော့
ဟေး..ဗိုလ်ကျော် ဘာတွေလုပ်နေလဲ.. ဟာ.. ဖိုးဌေး မင်း ဘယ်တုန်းကရောက်လဲ။ အခုပဲရောက်တယ် အိမ်ကိုတောင် မရောက်သေးဘူး။ ဆိုင်ကိုမြင်လိုက်တာနဲ့ ၀င်ကြည့်လိုက်တာ။ အခုဘာတွေလုပ်နေလဲ။ ဆိုင်မှာလိုအပ်တဲ့ပစ္စည်းတွေကို ရန်ကုန်ကို မှာနေတာလေ။ ဘာနဲ့မှာတာလဲ။ online ကနေ လှမ်းမှာတာလေ။ မင်းကလည်း ခေတ်နောက်ကျလိုက်တာကွာ။ ငါ့ဆိုင်မှာ ဈေးရောင်းတာရော၊ ပစ္စည်းလက်ကျန်စစ်တာရော၊ ကုန်မှာတာတွေရော အားလုံး computer system တွေနဲ့ လုပ်တယ်ကွာ။ computer နဲ့ အလုပ်လုပ်ရတာ စိတ်ချမ်းသာတယ်ကွ။ တိကျတယ်၊ မှန်တယ်၊ မြန်တယ် ဘယ်လောက် အဆင်ပြေလဲ ။ သူပြောလိုက်တဲ့စကားကို ကြားပြီး ကျွန်တော်တောင် ကိုယ့်ကိုကိုယ် စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားတယ်။ ငါ့ရွာဒီလိုဖြစ်နေတာကို onlineကို အမြဲတမ်းသုံးနေပြီး ဘာကြောင့်မသိရတာလဲ.. ငါ တော်တော်တုံးနေပါလားဆိုပြီး စိတ်တိုမိတယ်ဗျာ။ ဘယ်နှယ့်ဗျာ ကျွန်တော်လို ကွန်ပျူတာကို အမြဲတမ်းကိုင်နေပြီး online ဆိုတာကလည်း အလွယ်တကူသုံးလို့ ရနေသားနဲ့ ကိုယ့်ရွာနဲ့ပတ်သက်တဲ့ သတင်းကို မသိရကောင်းလားဆိုပြီး တစ်ခွက်တစ်ဖလားလောက် သောက်လိုက်အုံးမယ်ဆိုပြီး စိတ်ကူးမိတယ်ဗျာ။ ပါးစပ်ကပြောလိုက်ရင် www.com ဆိုပြီး သုံးနေလိုက်တဲ့ globalization နဲ့ ထပ်တလဲလဲ ပြောနေတာကို ရှက်မိတယ်။ အဲဒီလိုနဲ့ အိမ်ကိုရောက်တော့ အမေ့ကပြောတယ် ငါ့သား မင်းဘာမှ စိတ်မတိုနဲ့ ဘာလို့စိတ်တိုရမှာလဲဆိုတော့ အမေကပြန်ပြောတယ် မင်း ကျော်လွင်တို့ဆိုင်မှာဖြစ်နေတာကို အမေသိတယ်တဲ့။ အမေဘယ်လိုသိလဲဆိုတော့ အမေက အသက်ကြီးပြီဆိုတော့ ဈေးဝယ်မထွက်နိုင်တော့ အမေလိုတာလေးတွေ ထွက်မ၀ယ်နိုင်ဘူးတဲ့ အဲဒါနဲ့ ကျော်လွင်နဲ့တိုင်ပင်ပြီး သူ့ဆိုင်နဲ့ network ချိတ်ဆက်ပြီး အမေမှာတာတွေကို ကျော်လွင်က လာပို့ပေးတယ် အဆင်ပြေလိုက်တာသားရယ် အမေတောင် အခု Internet သုံးရတာ တော်တော်သဘောကျနေပြီ မင်းညီလေးနဲ့ လည်း အကူးတက ဖုန်းဆက်စရာမလိုတော့ဘူး mail ပို့ထားလိုက်တာနဲ့ အဆင်ပြေနေပြီ မင်းညီလည်း သူအားတာနဲ့ online တက်တာဆိုတော့ အမေဆီကို ပြန်ဆက်သွယ်တယ်လေ။ သူတို့ပင်လုံက connection သိပ့်မကောင်းဘူးနဲ့တူပါတယ်။ မီးလည်း သိပ့်မမှန်ဘူးထင်တယ်။ သိပ့်မတွေ့ရဘူး။ ငါ့သား account ကိုတော့ မေ့နေတာနဲ့ အမေလည်း invite လုပ်ဖို့ သတိမရဘူး။ အမေပြောလိုက်ခါမှ စိတ်ဓာတ်ကို အကြီးအကျယ်ကျသွားတော့တယ်။ စိတ်ညစ်ညစ်နဲ့ ဒီနေ့ညတော့ တစ်ခွက်တစ်ဖလား သောက်ဖြစ်အောင် သောက်လိုက်အုံးမယ်။ မူးပြီးအိပ်ပျော်သွားမှ ကောင်းမှာ။
ဖောင်း..ဒိုင်း.. ဆိုတဲ့အသံကြောင့် အိပ်ပျော်နေရာမှ နှိုးသွားတယ်။ ဟာ ဘာဖြစ်တာလဲ? ကားဘီးပေါက်သွား တာပါခင်ဗျာ။ ခဏလောက်အောက်ကိုဆင်းပေးပါ။ အဲဒီကျမှ အိပ်အပြန်ကားစီးလာရင်း ကားပေါ်မှာ အိပ်ပျော်သွားတယ်။ အိပ်ပျော်နေရင်း အိပ်မက်တွေတောင် မက်နေလိုက်သေးတယ်။ စိတ်ထဲမှာ မကျေနပ်ဘူးဗျာ။ တစ်ခွက်တစ်ဖလားသောက်မှဖြစ်မယ်ဆိုတဲ့ အစီအစဉ်ပျက်သွားတယ်။
ကျွန်တော့ရွာကိုရောက်ရင်တော့ သန်းထွန်းလေးရဲ့ သီချင်းစာသားလေးအတိုင်း လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ရောင်သေးတော့သည် အညာဌာနီ တစ်ခါလာပြီ ကျွန်တော့်အတွက် မေ့မရပါလေပြီပဲဖြစ်မလား….. ဒါမှမဟုတ်……??????????????????????????

ရှက်စိတ်........

အချစ်ရှုံးအရှက်
“ဤစွယ်စုံကို ရွှေဘုံသူမှန်ကူ သုံးရက်တော်မူသေးလျှင် ရန်သူ၏အစွယ်ကို ရွှေလက်ဝယ်သပါမည်။ အားရစိတ်ရွှင် ကျေနပ်အောင် စီရင်၍ ပြုချင်တိုင်း ပြုတော်မူပါတော့ဘုရားဟု မောင်မင့်သခင် မုန်းပင်စိုက်ပျိုး ပြေချိန်တိုင်မှ မပြေနိုင်ငြိုးတတ်သည့် မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို ငါမှာတိုင်း ပြောပါလေ”
မြန်မာ့စာပေလေ့လာသူတိုင်း ရင်ထဲမှာ စွဲနေတဲ့ စာဆိုကြီး ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက စာသားလေးပါ။ “မုဆိုးတစ်ပိုင်း မိန်းမရိုင်း”ဆိုတဲ့ အသုံးလေးကလေးကလည်း နှောင်းပိုင်းသီချင်းရေးဆရာတွေ ယူသုံးလို့ မရိုးနိုင်အောင်ကို ရှိနေပါသေးတယ်။
စူဠသုဘဒ္ဒါမိဖုရားက ဒ္ဒန်ဆင်မင်းအပေါ်မှာ ဘ၀ကူးသွားတဲ့အထိ အမုန်းသည်းသည်းနဲ့ အငြိုးကြီး သွားခဲ့ရသလဲဆိုတာလည်း အားလုံး သိကြပြီးသားပါပဲ။
စူဠသုဘဒ္ဒါက ဆဒ္ဒန်ဆင်မင်းရဲ့ မိဖုရားနှစ်ပါးမှာ “အငယ်”။ ဆင်မင်းကြီးကို မိဖုရားနှစ်ပါးစလုံးက အသက်တမျှ ချစ်မြတ်နိုးခဲ့ကြတာ မှန်ပေမဲ့ သူတို့ စိတ်ထဲမှာ တစ်ဦးနဲ့တစ်ဦး ကျိတ်ပြီးပြိုင်ဆိုင်နေကြတဲ့ “ယှဉ်ပြိုင်စိတ်”တွေ၊ “မနာလိုစိတ်”တွေ သဘာဝအလျောက် ရှိနေကြမှာပါ။ မိဖုရားနှစ်ပါးနဲ့ မြူးထူးပျော်ပါးခဲ့ရာမှ ဆင်မင်းကြီးက အကျီစားသန်သွားတော့ အငယ် စူဠသုဘဒ္ဒါဟာ ပြိုင်ဖက် မဟာသုဘဒ္ဒါကိုလည်း ရှက်သွားရ၊ ဘေးပတ်လည်မှာရှိနေတဲ့ ရံရွှေတော်အပေါင်းကိုလည်း ရှက်သွားရပါလိမ့်မယ်။ အဲဒီ စူဠသုဘဒ္ဒါရဲ့ “ရှက်စိတ်”ဟာ ဆင်မင်းကြီးကို သေစေခဲ့သလို စူဠသုဘဒ္ဒါကိုလည်း သေစေခဲ့တာပါ။ စူဠသုဘဒ္ဒါ ရင်ကွဲနာကျ သေဆုံးခဲ့ရတာလည်း “ရှက်စိတ်”ကြောင့်ပါ။ သူက အငြိုးတကြီးနဲ့ အသတ်ခိုင်းပေမဲ့ ဆင်မင်းကြီးက အမုန်းမဖက်၊ အကြင်နာမပျက်ဘဲ စွယ်တော်ကို သူကိုယ်တိုင်ဖြတ်ပြီး အရောက်ပို့ပေးလိုက်တဲ့အခါ သူရဲ့ ကြီးမားလှတဲ့အပြစ်ကို စေ့စေ့တွေးပြီး၊ နောင်တ တရားရ၊ အရှက်ကြီးစွာ ဖြစ်ခဲ့ရပါတယ်။ အမုန်းသည်းသလောက် အငြိုးကြီးတတ်တဲ့ စူဠသုဘဒ္ဒါမိဖုရားဟာ အရှက်လည်းကြီးတတ်ပါတယ်။ အဲဒီကြီးတဲ့အရှက်ကပဲ ဆဒ္ဒန်ဆင်မင်းရဲ့ အသက်ရော၊ သူ့အသက်ပိုပါ ပျက်သုဉ်းသွားစေခဲ့တာပါပဲ။
စစ်ရှုံးအရှက်
အချိန်က ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးပိုင်း။ “အိုင်ဝိုဂျီးမား”ကျွန်းပေါ်က ဂျပန်တွေ လက်နက်ချရမယ့်နေ့ အရုဏ်တက်အချိန်။
ဒုတိယဗိုလ်ချုပ်ကြီး “ ဥရှိဂျီးမား”ဟာ သူတို့ဌာနချုပ်လုပ်ထားတဲ့ ဂူထဲကနေ စစ်ဝတ်စုံအပြည့်နဲ့ ထွက်လာခဲ့ပါတယ်။ သူ့နောက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး“ချို” လိုက်ပါလာတယ်။ သူကတော့ ကီမိုနိုဝတ်စုံ အဖြူရောင်နဲ့။ ဂူနဲ့မလှမ်းမကမ်းမှာတော့ သေသေချာချာ ဖြန့်ခင်းထားတဲ့ စောင်အဖြူကြီးတစ်ထည်။
သူတို့ ခြေလှမ်းတွေက ခန့်ညားလှတယ်။
သူတို့ မျက်နှာတွေကလည်း တည်ငြိမ်လှပါတယ်။
စောင်အဖြူပေါ်မှာ သူတို့ ပုံစံတကျ ထိုင်လိုက်ကြတယ်။ ပြီးတော့ ထွက်ပြူစနေ၀န်းကို ဦးညွှတ်လိုက်ကြတယ်။ ပြီးတော့ တရိုတသေကိုင်ထားတဲ့ ဓားတွေကို ကိုယ်စီ ဆွဲထုတ်လိုက်ကြတယ်။ မြှောက်ချီလိုက်တဲ့ ဓားနှစ်စင်းဟာ နံနက်ခင်းနေခြည်မှာ ၀င်းခနဲ့ တစ်ချက်လက်လက်အပြီးမှာတော့ ဓားဦးတွေရဲ့ လားရာက သူတို့ခန္ဓာကိုယ်ထဲ။
အဖြူရောင်စောင်ကြီးဟာ အနီရောင် စွန်းကွက်တဲ့ ပန်းချီကားတစ်ချပ် ဖြစ်သွားပါတယ်။ အဲဒီ ပန်းချီကားပေါ်မှာတော့ သူတို့နှစ်ယောက် နေ၀န်းကို ဦးခိုက်နေတဲ့ပုံစံနဲ့ ငြိမ်သက်သွားကြလေရဲ့။
ပြီးခဲ့တဲ့ဒုတိယကမ္ဘာကစစ်ကြီး အတွင်းမှာလည်း စစ်ရှုံးခဲ့ရတဲ့ ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေ အများအပြားဟာ ရန်သူ့ဆီကို လက်နက်ချအညံ့ခံမယ်အစား သူတို့ကိုယ်သူတို့ “ဟာရာကီရိ” လုပ်ပြီး သတ်သေသွားခဲ့ကြတာတွေ အများကြီးပါပဲ။
တိုကျိုမြို့တော်ကြီးကို မတ်အာသာရဲ့တပ်တွေ ၀င်ရောက်လာတဲ့အခါမှာလည်း သူတို့အလိုချင်ဆုံး စစ်တရားခံ ၁၁ ယောက်ထဲမှာပါတဲ့ မင်းသားကိုနိုယေးကို မရလိုက်ပါဘူး။ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မင်းသားကြီးဟာ သူ့ကိုယ်သူ ရန်သူ့လက်ထဲရောက်ပြီး စစ်ရာဇ၀တ်ကောင်အဖြစ် အစစ်ဆေးခံရမယ့် အရှက်တရားဖြစ်ရပ်ကို ရင်ဆိုင်ရမဲ့အစား သူ့ကိုယ်သူ “ဟာရာကီရိ”လုပ်ပြီး သေသွားပါတယ်။ ဂျပန်တို့ရဲ့ နာမည်ကျော် “ခါမိခါဇေး” အသေခံတပ်များရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ ရေကြောင်းဗိုလ်ချုပ်ကြီး “အိုနိရှိ”နဲ့ စစ်ဦးစီးချုပ် “ဆူဂျီယာမ”တို့လည်း မင်းသားကြီးလိုပဲ အသေခံသွားကြပါတယ်။ နံပါတ်တစ် ဖက်ဆစ်ရာဇ၀တ်ကောင်လို့ သတ်မှတ်ခံရတဲ့ ဗိုလ်ချုပ်ကြီး တိုဂျိုကတော့ သူ့ကိုယ်သူ ပစ္စတိုနဲ့ပစ်သတ်တာ မသေလို့ အမေရိကန်တွေ လက်ထဲရောက်သွားပြီး ကြိုးစင်တက်သွားရပါတယ်။
စစ်ရာဇ၀တ်ကောင်အဖြစ် ရှိနေစဉ်မှာ ဂျပန်သတင်းထောက်တစ်ဦးကို ဂျင်နရယ်တိုဂျိုက-
“မဟာအရှေ့အာရှတိုက်သားတွေအတွက် ကျုပ်စိတ်မကောင်းပါဘူး။ ဒီအတွက် တာဝန်အားလုံးကို ကျုပ်ယူပါမယ်။ မဟာအရှေ့အာရှတိုက်ပွဲကြီးဟာ တရားတဲ့ စစ်ကြီး ဖြစ်ပါတယ်။ ကျုပ်တို့မှာ ရှိသမျှအင်အားတွေ ကုန်ခန်းသွားတော့ ကျုပ်တို့ ရှုံးခဲ့ရတာပေါ့။ အောင်နိုင်သူတွေရဲ့ရှေ့မှာ စစ်ရှုံးသူ တစ်ယောက်အဖြစ် အစစ်ဆေးခံရတာမျိုးကို ကျုပ် မလိုလားဘူး။” လို့ပြောခဲ့ပြီး အမေရိကန်တွေကိုတော့ သူက-
“သင်တို့ဟာ အောင်နိုင်သူတွေဖြစ်တော့ ဘယ်သူဘယ်ဝါတွေဟာ စစ်တရားခံတွေဖြစ်တယ်လို့ ပြောနိုင်ခွင့်ရှိတာပေါ့။ ဒါပေမဲ့ နောင်လာမဲ့ အနှစ်ငါးရာ တစ်ထောင်လောက်မှာ ပေါ်ထွန်းလာမဲ့ သမိုင်းဆရာတွေကတော့ မတူခြားနားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ကြပါလိမ့်မယ်”
ဒီဇင်ဘာ ၂၂ရက်နေ့မှာ သူ ကြိုးပေးခံခဲ့ရပါတယ်။ ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေလိုပဲ ဖက်ဆစ်တို့ရဲ့ ဦးသျှောင်ဖြစ်တဲ့ ဟစ်တလာကိုယ်တိုင်လည်း ဆိုဗီယက်စစ်တပ်တွေဟာ သူ့ဌာနချုပ်ရဲ့ လက်တစ်ကမ်းအကွာ ရောက်လာတဲ့အခါမှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။
ကိုလိုနီနယ်ချဲ့စနစ်ကြီးရဲ့ အစဦးပိုင်းကာလတွေမှာလည်း အင်္ဂလိပ်တို့၊ ပြင်သစ်တို့နိုင်ငံကြီးတွေက နယ်မြေတွေ လုကြရင်းနဲ့ အချင်းချင်းစစ်ပွဲကြီးတွေ တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်သင်္ဘောကြီးတွေနဲ့တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတွေမှာ သင်္ဘောတွေ အမြောက်ဆန်ထိပြီး နစ်မြှပ်တော့မယ်ဆိုရင် သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာခွင့်ရှိကြပေမယ့် သင်္ဘောကပ္ပတိန်တွေကတော့ သင်္ဘောနဲ့အတူ နစ်မြှပ်အသေခံသွားကြရတာဟာ အစဉ်အလာကြီးတစ်ခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ ကိုယ့်သင်္ဘောကိုစွန့်ခွာထွက်ပြေးသူအဖြစ် အကဲ့ရဲ့ခံမယ့် အရှက်တကွဲအဖြစ်ကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့လဲသွားကြတာလေ။
သူရဲကောင်းအရှက်
မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ သူရဲကောင်း မင်းရဲကျော်စွာရဲ့ “အရှက်”ကလည်း စိတ်ဝင်စား စရာပါ။ မင်းရဲကျော်စွာကို စစ်ပွဲမှာ ဆင်ပေါ်ကကျတဲ့ ဒဏ်ရာရဲ့ ရာဇာဓိရာဇ်က လက်ရဖမ်းမိသွားပါတယ်။
ရာဇာဓိရာဇ်က “မင်းသားသူငယ် ဖြစ်သသူကို ငါ ၀မ်းမသာဘူး။ ဆေးဝါးထမင်းကိုသာစားပါ။ လွတ်အောင်ကုမ၍ လွတ်လျှင် သည်တွင်နေလိုလည်း ငါ့သမီးတော်နဲ့ စုံမက်၍ အိမ်ရှေ့အရာကို ငါပေးတော်မူသည်။ အင်းဝသို့ သွားလိုသော စိတ်ရှိလျှင်လည်း ငါက အမှူးအမတ်တို့တို့ ပိုစိမ့်မည်။ ကိုယ်ကိုသာ ကျန်းအောင်ပြုပါဟူ၍ ဆေးလည်းပေးတော်မူ၏။ မင်းရဲကျော်စွာလည်း သင်တို့ ထမင်းဆေးဝါးကို ငါ မစားပြီ။ ဟံသာဝတီကို မရဘဲမပြန်ပြီဟု ငါဓိဌာန်ရင်းရှိသည်။ ယခု ငါသို့စဉ်ဖြစ်ခဲ့ပြီးသော် သူ့ကျွန်ဟူသော အမည်ကို ငါမခံပြီ။ ငါ အသက်ရှင်သော်က သေသော်မြတ်၏။ ငါကို သတ်မည်ကိုသာ စီရင်တော့ဆိုလျှင် ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာ သေခါနီးတိုင်အောင်မှ စိတ်ကိုမလျော့။ နောင်သော် ငါ့ကိုပင် ကြံပြန်ချိမ့်မည်ဟူ၍ မိုးသောက်လျှင် ဆင်ထိတော်မူသော အနာသည်း၍ အနိစ္စရောက်သည်။ ကောင်းမွန်စွာ သဂြိုလ်လေ၏”
မှန်နန်းရာဇ၀င်မှာ ဖော်ပြထားတဲ့အတိုင်း သူရဲကောင်း မင်းရဲကျော်စွာဟာ သူရဲကောင်းရဲ့သိက္ခာ၊ သူရဲကောင်းရဲ့အရှက်ကို ထင်ရှားအောင် ပြသွားခဲ့ပါတယ်။ သူသာ သူ့အသက်ကိုငဲ့ကွက်မယ်ဆိုရင် သူရဲကောင်းကို ချစ်တဲ့တတ်တဲ့ ရာဇာဓိရာဇ်က သူ့စကားအတိုင်း ချီးမြှင့်မြောက်စားမှာပါ။ မင်းရဲကျော်စွာကတော့ အရှင်လတ်လတ်ရန်သူ့ အဖမ်းခံရသူဆိုတဲ့ အမည်ကိုခံယူရမှာ ရှက်လှပါတယ်။ တစ်ဖက်သား သနားလို့ ချမ်းသာ ရာရနေသူလို့ အပြောခံရမှာလည်း ရှက်လှပါတယ်။ အဲဒါကြောင့် သူ့ဟာ သူရဲကောင်းတို့ရဲ့ အရှက်နဲ့ သိက္ခာကို ပြသွားခဲ့တာပါ။
တောင်ငူဘုရင် တပင်ရွှေထီး နန်းတက်စက မင်းပျိုမင်းလွင် (၁၇နှစ်သား)ဖြစ်တဲ့အလျောက် ထီးပြိုင် နန်းပြိုင် ဟံသာဝတီနေပြည်တော်ရှိ ရွှေမောဓောစေတီတော်မှာ နားထွင်းသျှောင်ထုံး မင်္ဂလာလုပ်ချင်တယ်လို့ ဆန္ဒဖြစ်ပါတယ်။ သူနဲ့အတူ စစ်သည်ရဲမက်လက်ရွေးစင် ၅၀၀ ရွေးချယ်ခေါ်ယူသွားဖို့ ရွေးချယ်ပွဲလုပ်ပါတယ်။ ရွေးပုံက လက်သည်းကြားမှာ အပ်ရိုက်သွင်းပြီး ရွေးတာပါ။ အပ်ရိုက်သွင်းလိုက်တဲ့အခါမှာ တွန့်သွားဆုတ်သွားတဲ့ လူကို ပယ်ပါတယ်။ ကျော်ထင်အနော်ရထာ(ဘုရင့်နောင်)က ပထမဆုံးစပြီး အစမ်းခံပါတယ်။ သူ့လက်ကြားကို သူကိုယ်တိုင် အပ်ကိုဆုံးအောင် ရိုက်သွင်းလိုက်ပါတယ်။ တွန့်ခြင်း ရွံ့ခြင်း မရှိခဲ့ပါဘူး။
တပင်ရွှေထီးဘုရင်ရဲ့ ဖွားဖက်ငယ်ကျွန်တော် သူရဲကောင်း“ဗလမင်းထင်”ရဲ့ အလှည့်ကျတော့ အပ်စိုက် လိုက်တာနဲ့ အမှတ်တမဲ့ တွန့်သွားလို့ ဆွဲထုတ်ခံလိုက်ရတယ်။ အဲဒီတွင် ဗလမင်းထင် အရှက်လွန်ပြီး သူ့ခါးကြားက ဓားမြှောင်ကို ဆွဲထုတ်၊ သူ့ဝမ်းဗိုက်ကို ခွဲချလိုက်ပါတယ်။ ပြီးတော့ သူ့လက်နဲ့ အူတွေကို ဆွဲထုတ် လိုက်တယ်။ အူတစ်စကို ကျော်ထင်နော်ရထာရဲ့ လက်ထဲထည့်ပြီးတော့ သူနောက်ဆုတ်ပြေးသွားလိုက်တာ အူဆုံးတဲ့ နေရာလည်းရောက်ရော သူလည်း လဲကျသေဆုံးသွားခဲ့ပါတယ်။
တပင်ရွှေထီးရဲ့ တစ်ခွန်းတည်းသော မှတ်ချက်က“ငါ ကျွန်တော် ဗလမင်းထင်သည် မိုက်တော့မိုက်၏။ သို့သော် သတ္တိမရှိပေ”တဲ့။ ဗလမင်းထင်ဟာ သူရဲဘောကြောင်သူ မဟုတ်ပါဘူး။ ရဲဆုတွေရခဲ့တဲ့ သူရဲကောင်းပါ။ ခုလို လူပုံအလယ်မှာ သူရဲဘောကြောင်သူအဖြစ် ဆွဲထုတ်ခံလိုက်ရတော့ သူ သိပ့်ရှက်သွားမှာပါ။ ဒီအရှက်ကြီးနဲ့ တစ်သက်လုံး နေသွားမဲ့အစား သေခြင်းကိုသာ ရွေးလိုက်တာ ဖြစ်မှာပါ။
စည်းခြားအရှက်
“ရှက်စိတ်”ဟာ လူသားတွေ ယဉ်ကျေးပြီး အဆင့်မြင့်သတ္တ၀ါအဖြစ်ကို ရောက်ရှိစေဖို့ အခန်းကဏ္ဍကနေပြီး ဆောင်ရွက်ပေးနေတာပါဆိုရင် စကားလွန်ရာ ကျမလားပဲ။
ဒါပေမဲ့ ယဉ်ကျေးတဲ့ အဆင့်မြင့်တဲ့ လူသားတွေသာ “အရှက်နဲ့လူလုပ်တာ” ဆိုတဲ့စကား၊ “အရှက်ကို အသက်နဲ့လဲမယ်”ဆိုတဲ့စကားတွေကို ပေါ်ပေါက်လာစေခဲ့ကြတာပါ။ အမှန်တကယ်လည်း အရှက်ကို အသက်နဲ့ လဲသွားကြသူတွေအကြောင်း သမိုင်းမှာ မှတ်တမ်းတင်ထားခဲ့ကြရာတာ နည်းမှ မနည်းဘဲ။
ဟီရိသြတပ္ပဆိုတဲ့ “ရှက်ခြင်း”တရားကြောင့် လူတွေက ယဉ်ကျေးတဲ့ သတ္တ၀ါလို့ အခေါ်ခံလာရတာပါ။ တိရစ္ဆာန်တွေမှာတော့ “ဟီရိသြတပ္ပ”ဆိုတာကို နားမလည်ကြပါဘူး။ ကိုယ်ဆာလောင်လာတဲ့အခါ၊ စားချင်စိတ် ပေါ်လာတဲ့အခါ ကိုယ်ရှေ့မှာပေါ်လာတဲ့ ကိုယ်ထက်အားနည်းတဲ့ သတ္တ၀ါလေးတွေကို ဖမ်းယူစားသောက်ပစ် လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာဟာ ရှက်စရာပါလားလို့ တိရ စ္ဆာန်တွေက စဉ်းစားရကောင်းမှန်း မသိပါဘူး။ အဲဒီလိုပါပဲ သူ့ထက်အားကြီးတဲ့ သတ္တ၀ါကိုတွေ့ရင် သူဟာအမြီးကိုတန်းပြီး ထွက်ပြေးမှာပါပဲ။ ရန်သူကို ကျောပေးပြီး၊ ပြေးခြင်းဟာ ရှက်စရာပါလားလို့ တိရ စ္ဆာန်က မစဉ်းစားတတ်ပါဘူး။ သူ့အတွက် အရေးကြီးဆုံးက သူ့အသက်ရှင်နေဖို့သာ ဖြစ်တယ်။ အဲဒါကြောင့်“အရှက်”ဆိုတဲ့ အရာလေးတစ်ခုဟာ လူနဲ့ တိရစ္ဆာန်ကို စည်းခြားပေးထားတဲ့ အရာတစ်ခုလို့ ဆိုချင်ပါတယ်။ “နိုင်ရာစား”စနစ်ဆိုတာ “တောတွင်းဥပဒေသ” ဖြစ်တယ်။ တိရစ္ဆာန်တို့ရဲ့ စရိုက်ဖြစ်တယ်လို့ သိလာကြပြီး ရှောင်ကြဉ်လာကြတာနဲ့အမျှ လူသားဟာ ပိုမိုယဉ်ကျေးလာကြတာပါ။
လူထု စိန်ဝင်း
“ရှက်စိတ်”
ဆောင်းပါးပေါင်းချုပ်
၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလတွင် ယနေ့မန္တလေးစာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး

Friday, March 13, 2009

ထူးထူးခြားခြား အသားဟင်းချက်နည်းများ

ဝက်သားစွပ်ပြုတ်ပြုတ်သည့်အခါ လိမ္မော်ခွံအပြား သုံးလေးပြားထည့်ပြီး ပြုတ်လျှင် စွပ်ပြုတ်မှာ မအီဘဲ အရသာချိုဆိမ့်လာပါမည်။
ဆိတ်သားချက်သည့်အခါ လိမ္မော်ခွံအနည်းငယ်ထည့်ပြီးချက်လျှင် ဆိတ်သားမှာ ညှီစော်ကင်းပြီး အရသာလည်း ပိုမိုလေးနက်လာသည်။
အမဲသားချက်သည့်အခါ ရေနှင့်မချက်ဘဲ ဘီယာနှင့်ချက်လျှင် အမဲသားနုလာပြီး အနံ့မွှေးကြိုင်လာလိမ့်မည်။
ကြက်သားကို ပေါင်းအိုးနှင့် မပေါင်းမီ သန့်စင်အောင်ဆေးပြီး ကြက်သားကို ဘီယာရည်ခပ်ကျဲကျဲတွင် မိနစ်(၂၀)မျှကြာအောင် စိမ်ထားလိုက်ပါ။ ထိုအခါ ကြက်သားဟင်းနံ့မှာ မွေးပြီး ကြက်သားဟင်း၏အရသာမှာ ပိုမို ကောင်းမွန်လာလိမ့်မည်။

မန်းရွှေစက်တော် ဖူးစို့တူပျော်ပျော်


ပထမ စေတီတော်
မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ (၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ပီး မြန်မာနှစ်ဆန်း (၁)ရက် ထိ ကျင်းပပါသည်။
ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာ သို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင် ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထားကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍ မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့် နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကို ချထားတော် မူခဲ့ပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ယခုအခါ မကွေးတံတား (ဧရာဝတီတံတား) ကိုတည်ဆောက်ပီး ဖြစ်သောကြောင့် သွားရေးလာရေး လွယ်ကူသွားပါသည်။ အရင်တုန်းကလို အချိန်ကိုတွက်၍ သွားလာစရာ မလိုတော့ပါ။ သွားချင်ပြန်ချင်သော အချိန်တွင် သွားလာလို့ရနေပါသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဆောင်းအကုန် နွေအကူးတွင် ဖွင့်လှစ်သောကြောင့် ရာသီဥတု သာယာပါသည်။ သို့ပေမယ့် အညာဒေသရဲ့ ဖုန်များကတော့ ပြေးလွှားဆော့ ကစားနေကြပါပီ။ မင်းဘူးကနေ ရွှေစက်တော်ကိုသွားသောလမ်းသည် တောလမ်းဖြစ်သောကြောင့် လမ်းတလျှောက်တွင် ဖုန်များ များပြားနေပါသည်။ ပွဲတော်သို့ရောက်လျင် လူများနှင့် ကားများမှာ ဖုန်များဖြင့် ပြည့်နေပါသည်။ အဲလိုဖုန်များ ပြည့်သလို ပူလည်း ပူအိုက်သောကြောင့် မန်းချောင်းထဲ ဆင်းပီး ရေချိုးရသော အရသာသည် မည်သည့် အရာနှင့် မလဲနိုင်အောင် ခံစားကြရမည်ဖြစ်ပါသည်။ ရေချိုး အနားယူပြီးလို့ ဘုရားဖူးဖို့ တောင်ပေါ်ကိုခြေလျင် တက်ကြရပါသည်။ တောင်ပေါ်တွင် ဘုရားဖူး ရှု့ခင်းကြည့်၊ သဘာဝ ဘေးမဲ့တောကို လေ့လာနိုင်ကြပါသည်။ တောင်ပေါ်က မောမောပန်းပန်းနှင့် ဆင်းလာပြီးလျင်လည်း မန်းချောင်းထဲဆင်း၍ ရေချိုးနိုင်ပါသည်။ ဘုရားပွဲလာသူများသည် ဘုရားလည်း ရေလည်းချိုးကြရပါသည်။ တနေ့ ရေ ၂ ကြိမ်လောက် ချိုးသူများပါသည်။ တချို့ဆိုလျင် အကြိမ်ရေတော်တော်များများ ရေချိုးကြပါသည်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသရဲ့ အပန်းဖြေ ကမ်းခြေလေး တခုဖွယ်ဖြစ်ပါသည်။ မန်းချောင်းရေကလည်း ဘယ်လောက်ပဲ ချိုးချိုး အအေးမိတယ် ဖျားတယ် မရှိပါဘူး။ မန်းစက်တော်ရာ ပတ်ဝန်းကျင်ဒေသတွင် ဖူးမျှော်စရာ စေတီများ၊ သွားလာစရာ လေ့လာစရာ နေရာများလည်း ပေါများပါသည်။ ပွဲတော်ကွင်းပြင်ကလည်း ကျယ်သောကြောင့် လူများစည်ကားသောလည်း သွားရေးလာရေး အဆင်ပြေပါသည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်တော်မူ ခဲ့သော နေရာဖြစ်သည့်အပြင် ဘုရားရှင်ကိုယ်တော်တိုင် ချထားတော်မူသော ခြေတော်ရာ အစစ်များရှိသောကြောင့် လာရောက်ဖူးမျှော် သင့်သလို အညာဒေသ၏ ဖုန်များ၊ ပူအိုက်သော ရာသီဥတုနှင့် အဆင်ပြေအောင် ပျော်ရွှင်စွာရေကစား ရေချိုးနိုင်သော မန်းချောင်း ရှိသောကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို တခါ တခေါက်တော့ဖြင့် ဘုရားဖူးရင်း၊ ရေကစားရင်း လာရောက်ခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။

Thursday, March 12, 2009

တကယ်ပြောတာနော်


ဒီနေ့ မ နဲ့ မောင် ပြောခဲ့တဲ့စကားထဲမှာ တစ်ဘ၀လုံးအတွက် ချစ်တာလို့ မ ပြောခဲ့တယ်နော် မောင် ပျော်လိုက်တာ မ ရယ်.....မောင်အကြားချင်ဆုံးစကားလေးတစ်ခွန်းပါ မောင်တို့နှစ်ယောက်အတူနေနိုင်ဖို့အတွက် ကြိုးစားကြရအောင်နော်

Wednesday, March 11, 2009

ရွှေစက်တော်

ပထမ စေတီတော်
မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။(၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး
၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာဘုရားဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့်  လှစ်ပီးမြန်မာနှစ်ဆန်း(၁)ရက်ထိကျင်းပပါသည်။ ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာသို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင်
ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထား ကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍
မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့်နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကိုချထားတော်မူခဲ့ပါသည်။
မန်းစက်တော်ရာခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင်ချထားသော ခြေတော်ရာများ ဖြစ်သဖြင့်သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင်ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။