Thursday, March 19, 2009

ကျွန်တော့်ရွာ

အဆိုတော်သန်းထွန်းလေးရဲ့ မွေးဌာနီသီချင်းကို တော်တော်များများ ကြားဖူး၊ နားထောင်ဖူးကြမှာ ပေါ့ဗျာ။ “မွေးဌာနီ အညာရပ်ဆီသို့ ဘယ်ဆီမျှော်မှန်း စိတ်မှာတမ်းတ လွမ်းရပါသည် တမ်းတပါသည် လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ရောင်မိတော့သည် တစ်ခါလာမည် အညာဌာနီ ကျွန်တော့အတွက်တော့ မေ့မရပါလေပြီ”
ဟိုးအရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက သီချင်းစာသားလေးအတိုင်းပေါ့ဗျာ..
အခုလို ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာဆိုတော့ အားပါးပါး…လားလားမှ မဆိုင်တော့ဘူးဆိုတာ ကိုယ်တွေ့မိုလို့သာ ယုံလိုက်ရတာဗျို့။
ကျွန်တော့ မွေးဌာနီက မင်းဘူး-စလင်းကားလမ်းဘေးက ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာလေ။ မင်းဘူးနဲ့စလင်းကိုသွားမယ်ဆိုရင် (၂)ချောင်းကို ကျော်နိုင်မှ ရတယ်ဗျ။ မုန်းချောင်း၊ မုန်းချောင်းဆိုတဲ့ ချောင်း(၂) ချောင်းကို ဖြတ်ကျော်သွားရတယ်။ မင်းဘူးဘက်ကလာမယ်ဆိုရင် မန်းချောင်းကို အရင်ကျော်ရတယ်။ ပြီးမှ မုန်းချောင်းကို ကျော်သွားနိုင်မှ စလင်းဘက်ကို ဆက်သွားလို့ရတယ်။ စလင်းဘက်ကလာမယ်ဆိုရင် ပြောင်းပြန်ပေါ့ဗျာ။(စာရှည်မှာစိုးလို့) ဖြတ်ရေးလိုက်အုံးမယ်။ စလင်းကနေ ဆင်ဖြူကျွန်းကိုဖြတ် ချောက်ကိုလည်း သွားလို့ရသေးတယ်။ ချောက်ဆိုတာက ရေနံမြေသပိတ်စတဲ့ ဒေသကိုပြောတာနော်။ သူက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာရှိတယ်။ (အဲဒီတော့ ကျွန်တော်တို့က အနောက်ဘက်ကမ်း ဖြစ်တယ်ဆိုတာကို ကိုယ့်ဘာသာ သိနော်) ဆက်မယ်…. ရှေ့ကပြောထားတဲ့ မုန်းချောင်း၊ မန်းချောင်းကို ကျွန်တော်တို့ ဘယ်လို ကျော်ရသလဲဆိုတာကို ပြောမယ်။ မုန်းချောင်းကို ကျော်ဖို့ လှေရှိတယ်။ လှေနှစ်စီးကို ဘေးချင်းယှဉ်ပြီး အဲဒီလှေနှစ်စီးအပေါ်မှာ အခိုင်အမာ စင်ရိုက်ထားပြီး ကားတွေ၊ လှည်းတွေကို တင်နိုင်အောင်လုပ်ထားတဲ့ ဒေသအခေါ် ဖောင်(အခြားဒေသအခေါ်- ကူးတို့ဇက်) ရှိတယ်။ အဲဒီနှစ်မျိုးကို လူက ၀ါးထိုး၊ လေနဲ့ရွက်တိုက်လုပ် ပြီး ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ဖြတ်ကျော်ရတယ်။ နောက်ပိုင်းမှာ တရုတ်နီကူဘိုတာတွေတပ်ပြီး စက်နဲ့ ကူးသန်းမှု ပြုတော့တယ်။(တဖြေးဖြေး ခေတ်မီလာပြီနော်၊ စိတ်ဝင်စားစရာကောင်းတယ် မဟုတ်လား) မိုးတွင်းဆိုရင်တော့ အခက်အခဲတွေစလာပြီဗျာ။ မုန်းချောင်းကူးတို့ဆိပ်မှာက လမ်းတွေချော်နေလို့ ဖောင်ပေါ်ကို ကားတွေတက်မရတော့ဘူးဆိုရင် ကျွန်တော်တို့ရွာလေးမှာ စလင်း-မင်းဘူးသွားတဲ့ အသွားအပြန်ကားတွေ ပိတ်မိနေပြီဆိုတော့ ခရီးသွားတဲ့လူတွေနဲ့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင်တွေမှာ စည်ကားတာမှ တအားပဲ။ တော်ရုံ ရွာ ဘုရားပွဲ ဘယ်လိုက်မီမလဲ။ လမ်းချော်နေတဲ့အချိန် ကားဆင်းလို့ကတော့ အဲဒီကား မုန်းချောင်းထဲ ရေသောက်ဆင်းလိုက်တာ တော်တော်နဲ့ပြန်တက်မလာတော့ဘူး။ တစ်နှစ် တစ်နှစ် ရေသောက်ဆင်းတဲ့ ကားတွေလည်း မနည်းဘူးဗျ။ မုန်းချောင်းဆိုတာက ရေအတက်အကျ သိပ်မရှိဘူး။ သူက ပုံမှန်ပဲ။ နွေနဲ့ဆောင်းမှာ ရေနည်းမယ်။ မိုးတွင်းမှာ ရေများမယ်။ ဒါလောက်ပဲ။ မန်းချောင်းကျ အဲဒီလိုမဟုတ်ပြန်ဘူး။ သူက ဟိုးအထက်ပိုင်းမှာ ရေကျလာတယ်ဆိုရင် ကားကူးလို့ မရတော့ဘူး။ မန်းချောင်းက ကူးဖို့ ကူးတို့ဆိပ် မလိုဘူး မရှိဘူး။ မိုးတွင်းမှာ မကွေးကိုသွားဖို့ (၂)ရက်လောက် အချိန်ယူရတယ်။ (အရင်တုန်းက ပြောတာပါ) အခုတော့………….
မုန်းချောင်းနဲ့ မန်းချောင်းကို တစ်ပြိုင်နက် တံတားတွေ ဆောက်ပြီးသွားပြီ။ ဧရာဝတီတံတား(မကွေး) ကလည်း ဆောက်ပြီးသွားပြီဆိုတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလိုက်တာများ ရန်ကုန်-မန္တလေးသွားဖို့အတွက် အရင်တုန်းကလို အချိန်ယူပြီး မကွေးကိုကားသွားစီးစရာမလိုတော့ဘူးဗျာ။ ကိုယ့်ရွာထိပ်က ညောင်ပင်ပေါင်းမှာ ကားစောင့်စီးလို့ ရသွားပြီဗျာ။ အနော်ရထာတံတား(ချောက်)ကလည်း ဧရာဝတီမြစ်ကို ဖြတ်ပြီး တံတားဆောက်ထားတော့ လမ်းပန်းဆက်သွယ်ရေးကောင်းချက်ကတော့ ပြောကို မပြောချင်ဘူး။ လမ်းပန်းဆက်သွယ်ရေးကောင်းတော့ ကားတွေလည်း သိပ့်မနားကြတော့ဘူး။ ၀ီးကနဲ ၀ီးကနဲ ရွာကိုဖြတ်မောင်းသွားတဲ့ မြင်ကွင်းကို ရွာရောက်တဲ့အချိန်မှာ မြင်လိုက်ရတော့ ၀မ်းသာ၊ ၀မ်းနည်းဖြစ်ရတယ်ဗျာ။ ၀မ်းသာတာက သွားရတာအဆင်ပြေသွားလို့။ ၀မ်းနည်းတာက ကားတွေမနားတော့ ဈေးသည်တွေ အဆင်မပြေ တော့ဘူး။ ခေါင်းရွက်ဗျတ်ထိုးဈေးသည်ကအစ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်အဆုံး ကိုယ့်ရွာကလူတွေပဲ ၀ယ်လိုအား ရှိတော့ ရောင်းအားမကောင်းတော့ တွက်ချက်မကိုက်တော့တာကို ကြည့်ပြီး ဖြစ်မိတာပါ။ လမ်းပန်း ဆက်သွယ်ရေးကောင်းတော့ လူတွေကလည်း တော်ရုံတန်ရုံဆို ရန်ကုန်ဆိုတာချည်းပဲ။ အမြင်တွေ ပွင့်လာတာ ပြောပါတယ်။ ဆက်သွယ်ရေးကလည်း ဟိုးအရင်ကလို လက်လှည့်တယ်လီဖုန်းကနေ mobile phone တွေနဲ့ ဖြစ်လာတယ်။ ကျွန်တော်တို့တုန်းက သတင်းစာဖတ်ချင်ရင် တစ်ပတ်ကျော်လောက်မှ ရောက်လာတော့ ကိုယ်ဖတ်တဲ့အချိန်မှာ သတင်းက ဒိတ်အောက်နေပြီလေ။ အခုများတော့ ရန်ကုန်ကနေ တိုက်ရိုက် သတင်းစာ၊ ဂျာနယ်စုံတွေ တိုက်ရိုက်ရောက်နေတော့ up to date ပေါ့ဗျာ။ ICTခေတ်ကြီးမှာ ဖြစ်လာတဲ့ မွေးဌာနီကိုကြည့်ပြီး ပီတိဖြစ်မိတာပြောပါတယ်…..အရင်တုန်းက Television ဆိုတာကလည်း အိမ်တိုင်းမှာ ရှိတာမဟုတ်တော့ သူများ အိမ်မှာ စနေ၊ တနင်္ဂနွေဆိုသွားကြည့်ရတယ်။ အခုတော့ ဂြိုလ်တုစလောင်းတွေလည်း တော်တော် များများရဲ့အိမ်တွေမှာ တပ်ထားလိုက်တာ မိုးယိုလို့ အိမ်အမိုးကို ဖာထားတာလား အောက်မေ့ရတယ်။ Premier league, Champion League, FA Cap, Series A အကြောင်းတွေကို လက်ဖက်ရည်ဆိုင်မှာ ပြောနေကြတာများ သူတို့ကိုယ်တိုင် အင်္ဂလန်တို့ အီတလီတို့မှာ ကြည့်ပြီး ပြန်လာတဲ့အတိုင်း ပြောနေကြတာ။ ကျွန်တော်တို့တုန်းကတော့ မြန်မာအသံ(ရေဒီယို)ကလွှင့်တဲ့ တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲကို ဦးလှဝင်းရဲ့ အာဘော်နဲ့ပေါင်းပြီး နားထောင်ရင်း မကွေးတိုင်းဘောလုံးအသင်းအတွက် အားပေးလိုက်ရတာ…. (ဘောလုံးဟာဆိုရင်ဖြစ် လှိမ့်ကာလှိမ့်ကာနဲ့ ဂိုးတိုင်ဘေးကနေ ထွက်သွားပါတယ်ခင်ဗျာ) တစ်ခါတစ်ရံမှ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်လွှင့်တဲ့ Tiger ဖလားဘောလုံးပွဲကို ကြည့်ဖို့အရေး သူများအိမ်ကိုလည်း အားနာရ၊ မီးကလည်း လာမှ အဲဒီလိုအကျိုးအကြောင်းတိုက်ဆိုင်မှ ကြည့်ခွင့်ရတာ။
ဒီနှစ်တော့ အလုပ်ကလည်း ခွင့်ရတာနဲ့ အိမ်ကို ပြန်သွားလိုက်တာ အားပါးပါး ဆိုင်ကယ်တွေ စီးလိုက်ကြတာ ဝေါကနဲ ဝေါကနဲ။ ရွာအ၀င် ညောင်ပင်ပေါင်းဂိတ်ကိုရောက်တာနဲ့ အမြန်ကားပေါ်ကနေဆင်းပြီး အမေ့အိမ်ဆီကို ဦးတည်မယ်လုပ်တုန်း ကောင်လေးတစ်ယောက်အနားရောက်လာပြီး
ကောင်လေး။ ကိုဖိုးဌေး အိမ်ပြန်လာတာလား
ကျွန်တော်။ အေး ညီလေး ခွင့်ရလို့ အိမ်ခဏပြန်လာတာ မင်းဘယ်ကပြန်လာတဲလဲ။
ကောင်လေး။ ရွာကဆိုင်မှာ connection မကောင်းလို့ ပွင့်ဖြူကcyber မှာ သွားထိုင်ပြီး ပြန်လာတာ။ ကျွန်တော်လိုက်ပို့ပေးမယ်လေ။
အံ့သြတဲ့မျက်နှာပေးနဲ့
ကျွန်တော်။ ဘာကွ!ငါနားမရှင်းလို့ ပြန်ပြောစမ်းပါ။
ကောင်လေး။ ရွာကဆိုင်မှာ connection မကောင်းလို့ ပွင့်ဖြူက cyber မှာ သွားထိုင်ပြီး ပြန်လာတာ။(စိတ်တိုတဲ့လေသံနဲ့ ဒီလူနားလေးနေသလားပေါ့ဆိုတဲ့မျက်နှာပေးနဲ့)
ကျွန်တော်။ တို့ရွာမှာ cyberဆိုင်တွေဘာတွေရှိတယ်ပေါ့ ဟုတ်လား။
ကောင်လေး။ ရှိတာပေါ့။ ခုနှစ်ဆိုင်တောင်ရှိတယ်။
အဲဒီလိုနဲ့ မယုံချင်ယုံချင်နဲ့ သူ့ဆိုင်ကယ်နောက်ကနေလိုက်သွားခဲ့ရတယ်။
အိမ်ရောက်ခါနီးမှာ ကုန်စုံဆိုင်ကြီးကို လှမ်းမြင်လိုက်ရတော့ ညီလေး ဒါဘယ်သူ့ဆိုင်လည်းကွ! ဟာ အစ်ကိုကလည်း အဲဒါ အစ်ကိုတို့သူငယ်ချင်း ကိုကျော်လွင်တို့ဆိုင်ပေါ့(မမြင့်ကြည်နှင့် မောင်နှမများ စတိုးဆိုင်) ဟုတ်လား။ ဒါဆိုခဏလောက်ဝင်မယ်ကွာ။ ရတယ်အစ်ကို ကျွန်တော်စောင့်နေမယ်။
ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ အံ့သြစရာတွေ စတွေ့တော့တာပဲ။ CCTV ကင်မရာတွေ ဆင်ထားလိုက်တာများ။ ဈေးဝယ်တဲ့သူတွေကလည်း ကိုယ်လိုချင်တာ လိုက်ကြည့် ခြင်းလေးတွေထဲထည့် ပြီးတော့ ကောင်တာမှာ သွားပြီးငွေချေနဲ့ ခေတ်နဲ့အညီ စနစ်ကျနေလိုက်တာများ ရန်ကုန်က ရန်ကင်းစင်တာတို့ ဒဂုံစင်တာတို့များ ရောက်နေသလားတောင် အောက်မေ့ရတယ်။ အဲဒီလိုနဲ့ ဆိုင်ထဲကို ဝေ့ကြည့်လိုက်တော့
ဟေး..ဗိုလ်ကျော် ဘာတွေလုပ်နေလဲ.. ဟာ.. ဖိုးဌေး မင်း ဘယ်တုန်းကရောက်လဲ။ အခုပဲရောက်တယ် အိမ်ကိုတောင် မရောက်သေးဘူး။ ဆိုင်ကိုမြင်လိုက်တာနဲ့ ၀င်ကြည့်လိုက်တာ။ အခုဘာတွေလုပ်နေလဲ။ ဆိုင်မှာလိုအပ်တဲ့ပစ္စည်းတွေကို ရန်ကုန်ကို မှာနေတာလေ။ ဘာနဲ့မှာတာလဲ။ online ကနေ လှမ်းမှာတာလေ။ မင်းကလည်း ခေတ်နောက်ကျလိုက်တာကွာ။ ငါ့ဆိုင်မှာ ဈေးရောင်းတာရော၊ ပစ္စည်းလက်ကျန်စစ်တာရော၊ ကုန်မှာတာတွေရော အားလုံး computer system တွေနဲ့ လုပ်တယ်ကွာ။ computer နဲ့ အလုပ်လုပ်ရတာ စိတ်ချမ်းသာတယ်ကွ။ တိကျတယ်၊ မှန်တယ်၊ မြန်တယ် ဘယ်လောက် အဆင်ပြေလဲ ။ သူပြောလိုက်တဲ့စကားကို ကြားပြီး ကျွန်တော်တောင် ကိုယ့်ကိုကိုယ် စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားတယ်။ ငါ့ရွာဒီလိုဖြစ်နေတာကို onlineကို အမြဲတမ်းသုံးနေပြီး ဘာကြောင့်မသိရတာလဲ.. ငါ တော်တော်တုံးနေပါလားဆိုပြီး စိတ်တိုမိတယ်ဗျာ။ ဘယ်နှယ့်ဗျာ ကျွန်တော်လို ကွန်ပျူတာကို အမြဲတမ်းကိုင်နေပြီး online ဆိုတာကလည်း အလွယ်တကူသုံးလို့ ရနေသားနဲ့ ကိုယ့်ရွာနဲ့ပတ်သက်တဲ့ သတင်းကို မသိရကောင်းလားဆိုပြီး တစ်ခွက်တစ်ဖလားလောက် သောက်လိုက်အုံးမယ်ဆိုပြီး စိတ်ကူးမိတယ်ဗျာ။ ပါးစပ်ကပြောလိုက်ရင် www.com ဆိုပြီး သုံးနေလိုက်တဲ့ globalization နဲ့ ထပ်တလဲလဲ ပြောနေတာကို ရှက်မိတယ်။ အဲဒီလိုနဲ့ အိမ်ကိုရောက်တော့ အမေ့ကပြောတယ် ငါ့သား မင်းဘာမှ စိတ်မတိုနဲ့ ဘာလို့စိတ်တိုရမှာလဲဆိုတော့ အမေကပြန်ပြောတယ် မင်း ကျော်လွင်တို့ဆိုင်မှာဖြစ်နေတာကို အမေသိတယ်တဲ့။ အမေဘယ်လိုသိလဲဆိုတော့ အမေက အသက်ကြီးပြီဆိုတော့ ဈေးဝယ်မထွက်နိုင်တော့ အမေလိုတာလေးတွေ ထွက်မ၀ယ်နိုင်ဘူးတဲ့ အဲဒါနဲ့ ကျော်လွင်နဲ့တိုင်ပင်ပြီး သူ့ဆိုင်နဲ့ network ချိတ်ဆက်ပြီး အမေမှာတာတွေကို ကျော်လွင်က လာပို့ပေးတယ် အဆင်ပြေလိုက်တာသားရယ် အမေတောင် အခု Internet သုံးရတာ တော်တော်သဘောကျနေပြီ မင်းညီလေးနဲ့ လည်း အကူးတက ဖုန်းဆက်စရာမလိုတော့ဘူး mail ပို့ထားလိုက်တာနဲ့ အဆင်ပြေနေပြီ မင်းညီလည်း သူအားတာနဲ့ online တက်တာဆိုတော့ အမေဆီကို ပြန်ဆက်သွယ်တယ်လေ။ သူတို့ပင်လုံက connection သိပ့်မကောင်းဘူးနဲ့တူပါတယ်။ မီးလည်း သိပ့်မမှန်ဘူးထင်တယ်။ သိပ့်မတွေ့ရဘူး။ ငါ့သား account ကိုတော့ မေ့နေတာနဲ့ အမေလည်း invite လုပ်ဖို့ သတိမရဘူး။ အမေပြောလိုက်ခါမှ စိတ်ဓာတ်ကို အကြီးအကျယ်ကျသွားတော့တယ်။ စိတ်ညစ်ညစ်နဲ့ ဒီနေ့ညတော့ တစ်ခွက်တစ်ဖလား သောက်ဖြစ်အောင် သောက်လိုက်အုံးမယ်။ မူးပြီးအိပ်ပျော်သွားမှ ကောင်းမှာ။
ဖောင်း..ဒိုင်း.. ဆိုတဲ့အသံကြောင့် အိပ်ပျော်နေရာမှ နှိုးသွားတယ်။ ဟာ ဘာဖြစ်တာလဲ? ကားဘီးပေါက်သွား တာပါခင်ဗျာ။ ခဏလောက်အောက်ကိုဆင်းပေးပါ။ အဲဒီကျမှ အိပ်အပြန်ကားစီးလာရင်း ကားပေါ်မှာ အိပ်ပျော်သွားတယ်။ အိပ်ပျော်နေရင်း အိပ်မက်တွေတောင် မက်နေလိုက်သေးတယ်။ စိတ်ထဲမှာ မကျေနပ်ဘူးဗျာ။ တစ်ခွက်တစ်ဖလားသောက်မှဖြစ်မယ်ဆိုတဲ့ အစီအစဉ်ပျက်သွားတယ်။
ကျွန်တော့ရွာကိုရောက်ရင်တော့ သန်းထွန်းလေးရဲ့ သီချင်းစာသားလေးအတိုင်း လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ရောင်သေးတော့သည် အညာဌာနီ တစ်ခါလာပြီ ကျွန်တော့်အတွက် မေ့မရပါလေပြီပဲဖြစ်မလား….. ဒါမှမဟုတ်……??????????????????????????

2 comments:

Thein Min Htike said...

အားပေးသွားပါတယ်။
သတင်းစာ တိုက်ရိုက်ရတာတို့၊ ဘောလုံးပွဲတို့ အထိ မရိပ်မိသေးဘူး။ ဆိုက်ဘာမှ စရိပ်မိတယ်။
ကောင်းတယ်အကို။ မကြာမီ ဖြစ်လာနိုင်ပါစေ။

ကျွန်တော့်ဇာတိက ဆင်ဖြူကျွန်း-ချောက် ကားလမ်းဘေးက ရွာတစ်ရွာပါ။
ရှောက်တောကို ဖြတ်သွားဖူးပါတယ်။ သူငယ်ချင်းတွေလည်း ရှိပါတယ်။
ကိုယ့်နယ် အလွမ်းပြေ လိုက်ရှာရင်း ရောက်လာမိပါကြောင်း။

ကိုနေ said...

ကျွန်တော်က စလင်း-ဆင်ဖြူကျွန်း ကားလမ်းဘေးရွာတရွာကပါ...
အကိုတော့ ကြားဖူးမလား..သီးကုန်းရွာ လေးကပါ
အကို့ အိမ်မက်တွေ တကယ်ဖြစ်လာနိုင်ပါစေ...လို့ ဆန္ဒပြုလိုက်ပါတယ်..

Post a Comment