“ဤစွယ်စုံကို ရွှေဘုံသူမှန်ကူ သုံးရက်တော်မူသေးလျှင် ရန်သူ၏အစွယ်ကို ရွှေလက်ဝယ်သပါမည်။ အားရစိတ်ရွှင် ကျေနပ်အောင် စီရင်၍ ပြုချင်တိုင်း ပြုတော်မူပါတော့ဘုရားဟု မောင်မင့်သခင် မုန်းပင်စိုက်ပျိုး ပြေချိန်တိုင်မှ မပြေနိုင်ငြိုးတတ်သည့် မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို ငါမှာတိုင်း ပြောပါလေ”
မြန်မာ့စာပေလေ့လာသူတိုင်း ရင်ထဲမှာ စွဲနေတဲ့ စာဆိုကြီး ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက စာသားလေးပါ။ “မုဆိုးတစ်ပိုင်း မိန်းမရိုင်း”ဆိုတဲ့ အသုံးလေးကလေးကလည်း နှောင်းပိုင်းသီချင်းရေးဆရာတွေ ယူသုံးလို့ မရိုးနိုင်အောင်ကို ရှိနေပါသေးတယ်။
စူဠသုဘဒ္ဒါမိဖုရားက ဒ္ဒန်ဆင်မင်းအပေါ်မှာ ဘ၀ကူးသွားတဲ့အထိ အမုန်းသည်းသည်းနဲ့ အငြိုးကြီး သွားခဲ့ရသလဲဆိုတာလည်း အားလုံး သိကြပြီးသားပါပဲ။
စူဠသုဘဒ္ဒါက ဆဒ္ဒန်ဆင်မင်းရဲ့ မိဖုရားနှစ်ပါးမှာ “အငယ်”။ ဆင်မင်းကြီးကို မိဖုရားနှစ်ပါးစလုံးက အသက်တမျှ ချစ်မြတ်နိုးခဲ့ကြတာ မှန်ပေမဲ့ သူတို့ စိတ်ထဲမှာ တစ်ဦးနဲ့တစ်ဦး ကျိတ်ပြီးပြိုင်ဆိုင်နေကြတဲ့ “ယှဉ်ပြိုင်စိတ်”တွေ၊ “မနာလိုစိတ်”တွေ သဘာဝအလျောက် ရှိနေကြမှာပါ။ မိဖုရားနှစ်ပါးနဲ့ မြူးထူးပျော်ပါးခဲ့ရာမှ ဆင်မင်းကြီးက အကျီစားသန်သွားတော့ အငယ် စူဠသုဘဒ္ဒါဟာ ပြိုင်ဖက် မဟာသုဘဒ္ဒါကိုလည်း ရှက်သွားရ၊ ဘေးပတ်လည်မှာရှိနေတဲ့ ရံရွှေတော်အပေါင်းကိုလည်း ရှက်သွားရပါလိမ့်မယ်။ အဲဒီ စူဠသုဘဒ္ဒါရဲ့ “ရှက်စိတ်”ဟာ ဆင်မင်းကြီးကို သေစေခဲ့သလို စူဠသုဘဒ္ဒါကိုလည်း သေစေခဲ့တာပါ။ စူဠသုဘဒ္ဒါ ရင်ကွဲနာကျ သေဆုံးခဲ့ရတာလည်း “ရှက်စိတ်”ကြောင့်ပါ။ သူက အငြိုးတကြီးနဲ့ အသတ်ခိုင်းပေမဲ့ ဆင်မင်းကြီးက အမုန်းမဖက်၊ အကြင်နာမပျက်ဘဲ စွယ်တော်ကို သူကိုယ်တိုင်ဖြတ်ပြီး အရောက်ပို့ပေးလိုက်တဲ့အခါ သူရဲ့ ကြီးမားလှတဲ့အပြစ်ကို စေ့စေ့တွေးပြီး၊ နောင်တ တရားရ၊ အရှက်ကြီးစွာ ဖြစ်ခဲ့ရပါတယ်။ အမုန်းသည်းသလောက် အငြိုးကြီးတတ်တဲ့ စူဠသုဘဒ္ဒါမိဖုရားဟာ အရှက်လည်းကြီးတတ်ပါတယ်။ အဲဒီကြီးတဲ့အရှက်ကပဲ ဆဒ္ဒန်ဆင်မင်းရဲ့ အသက်ရော၊ သူ့အသက်ပိုပါ ပျက်သုဉ်းသွားစေခဲ့တာပါပဲ။
စစ်ရှုံးအရှက်
အချိန်က ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးပိုင်း။ “အိုင်ဝိုဂျီးမား”ကျွန်းပေါ်က ဂျပန်တွေ လက်နက်ချရမယ့်နေ့ အရုဏ်တက်အချိန်။
ဒုတိယဗိုလ်ချုပ်ကြီး “ ဥရှိဂျီးမား”ဟာ သူတို့ဌာနချုပ်လုပ်ထားတဲ့ ဂူထဲကနေ စစ်ဝတ်စုံအပြည့်နဲ့ ထွက်လာခဲ့ပါတယ်။ သူ့နောက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး“ချို” လိုက်ပါလာတယ်။ သူကတော့ ကီမိုနိုဝတ်စုံ အဖြူရောင်နဲ့။ ဂူနဲ့မလှမ်းမကမ်းမှာတော့ သေသေချာချာ ဖြန့်ခင်းထားတဲ့ စောင်အဖြူကြီးတစ်ထည်။
သူတို့ ခြေလှမ်းတွေက ခန့်ညားလှတယ်။
သူတို့ မျက်နှာတွေကလည်း တည်ငြိမ်လှပါတယ်။
စောင်အဖြူပေါ်မှာ သူတို့ ပုံစံတကျ ထိုင်လိုက်ကြတယ်။ ပြီးတော့ ထွက်ပြူစနေ၀န်းကို ဦးညွှတ်လိုက်ကြတယ်။ ပြီးတော့ တရိုတသေကိုင်ထားတဲ့ ဓားတွေကို ကိုယ်စီ ဆွဲထုတ်လိုက်ကြတယ်။ မြှောက်ချီလိုက်တဲ့ ဓားနှစ်စင်းဟာ နံနက်ခင်းနေခြည်မှာ ၀င်းခနဲ့ တစ်ချက်လက်လက်အပြီးမှာတော့ ဓားဦးတွေရဲ့ လားရာက သူတို့ခန္ဓာကိုယ်ထဲ။
အဖြူရောင်စောင်ကြီးဟာ အနီရောင် စွန်းကွက်တဲ့ ပန်းချီကားတစ်ချပ် ဖြစ်သွားပါတယ်။ အဲဒီ ပန်းချီကားပေါ်မှာတော့ သူတို့နှစ်ယောက် နေ၀န်းကို ဦးခိုက်နေတဲ့ပုံစံနဲ့ ငြိမ်သက်သွားကြလေရဲ့။
ပြီးခဲ့တဲ့ဒုတိယကမ္ဘာကစစ်ကြီး အတွင်းမှာလည်း စစ်ရှုံးခဲ့ရတဲ့ ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေ အများအပြားဟာ ရန်သူ့ဆီကို လက်နက်ချအညံ့ခံမယ်အစား သူတို့ကိုယ်သူတို့ “ဟာရာကီရိ” လုပ်ပြီး သတ်သေသွားခဲ့ကြတာတွေ အများကြီးပါပဲ။
တိုကျိုမြို့တော်ကြီးကို မတ်အာသာရဲ့တပ်တွေ ၀င်ရောက်လာတဲ့အခါမှာလည်း သူတို့အလိုချင်ဆုံး စစ်တရားခံ ၁၁ ယောက်ထဲမှာပါတဲ့ မင်းသားကိုနိုယေးကို မရလိုက်ပါဘူး။ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မင်းသားကြီးဟာ သူ့ကိုယ်သူ ရန်သူ့လက်ထဲရောက်ပြီး စစ်ရာဇ၀တ်ကောင်အဖြစ် အစစ်ဆေးခံရမယ့် အရှက်တရားဖြစ်ရပ်ကို ရင်ဆိုင်ရမဲ့အစား သူ့ကိုယ်သူ “ဟာရာကီရိ”လုပ်ပြီး သေသွားပါတယ်။ ဂျပန်တို့ရဲ့ နာမည်ကျော် “ခါမိခါဇေး” အသေခံတပ်များရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ ရေကြောင်းဗိုလ်ချုပ်ကြီး “အိုနိရှိ”နဲ့ စစ်ဦးစီးချုပ် “ဆူဂျီယာမ”တို့လည်း မင်းသားကြီးလိုပဲ အသေခံသွားကြပါတယ်။ နံပါတ်တစ် ဖက်ဆစ်ရာဇ၀တ်ကောင်လို့ သတ်မှတ်ခံရတဲ့ ဗိုလ်ချုပ်ကြီး တိုဂျိုကတော့ သူ့ကိုယ်သူ ပစ္စတိုနဲ့ပစ်သတ်တာ မသေလို့ အမေရိကန်တွေ လက်ထဲရောက်သွားပြီး ကြိုးစင်တက်သွားရပါတယ်။
စစ်ရာဇ၀တ်ကောင်အဖြစ် ရှိနေစဉ်မှာ ဂျပန်သတင်းထောက်တစ်ဦးကို ဂျင်နရယ်တိုဂျိုက-
“မဟာအရှေ့အာရှတိုက်သားတွေအတွက် ကျုပ်စိတ်မကောင်းပါဘူး။ ဒီအတွက် တာဝန်အားလုံးကို ကျုပ်ယူပါမယ်။ မဟာအရှေ့အာရှတိုက်ပွဲကြီးဟာ တရားတဲ့ စစ်ကြီး ဖြစ်ပါတယ်။ ကျုပ်တို့မှာ ရှိသမျှအင်အားတွေ ကုန်ခန်းသွားတော့ ကျုပ်တို့ ရှုံးခဲ့ရတာပေါ့။ အောင်နိုင်သူတွေရဲ့ရှေ့မှာ စစ်ရှုံးသူ တစ်ယောက်အဖြစ် အစစ်ဆေးခံရတာမျိုးကို ကျုပ် မလိုလားဘူး။” လို့ပြောခဲ့ပြီး အမေရိကန်တွေကိုတော့ သူက-
“သင်တို့ဟာ အောင်နိုင်သူတွေဖြစ်တော့ ဘယ်သူဘယ်ဝါတွေဟာ စစ်တရားခံတွေဖြစ်တယ်လို့ ပြောနိုင်ခွင့်ရှိတာပေါ့။ ဒါပေမဲ့ နောင်လာမဲ့ အနှစ်ငါးရာ တစ်ထောင်လောက်မှာ ပေါ်ထွန်းလာမဲ့ သမိုင်းဆရာတွေကတော့ မတူခြားနားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ကြပါလိမ့်မယ်”
ဒီဇင်ဘာ ၂၂ရက်နေ့မှာ သူ ကြိုးပေးခံခဲ့ရပါတယ်။ ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေလိုပဲ ဖက်ဆစ်တို့ရဲ့ ဦးသျှောင်ဖြစ်တဲ့ ဟစ်တလာကိုယ်တိုင်လည်း ဆိုဗီယက်စစ်တပ်တွေဟာ သူ့ဌာနချုပ်ရဲ့ လက်တစ်ကမ်းအကွာ ရောက်လာတဲ့အခါမှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။
ကိုလိုနီနယ်ချဲ့စနစ်ကြီးရဲ့ အစဦးပိုင်းကာလတွေမှာလည်း အင်္ဂလိပ်တို့၊ ပြင်သစ်တို့နိုင်ငံကြီးတွေက နယ်မြေတွေ လုကြရင်းနဲ့ အချင်းချင်းစစ်ပွဲကြီးတွေ တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်သင်္ဘောကြီးတွေနဲ့တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတွေမှာ သင်္ဘောတွေ အမြောက်ဆန်ထိပြီး နစ်မြှပ်တော့မယ်ဆိုရင် သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာခွင့်ရှိကြပေမယ့် သင်္ဘောကပ္ပတိန်တွေကတော့ သင်္ဘောနဲ့အတူ နစ်မြှပ်အသေခံသွားကြရတာဟာ အစဉ်အလာကြီးတစ်ခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ ကိုယ့်သင်္ဘောကိုစွန့်ခွာထွက်ပြေးသူအဖြစ် အကဲ့ရဲ့ခံမယ့် အရှက်တကွဲအဖြစ်ကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့လဲသွားကြတာလေ။
သူရဲကောင်းအရှက်
မြန်မာ့သမိုင်းမှာ ထင်ရှားကျော်ကြားလှတဲ့ သူရဲကောင်း မင်းရဲကျော်စွာရဲ့ “အရှက်”ကလည်း စိတ်ဝင်စား စရာပါ။ မင်းရဲကျော်စွာကို စစ်ပွဲမှာ ဆင်ပေါ်ကကျတဲ့ ဒဏ်ရာရဲ့ ရာဇာဓိရာဇ်က လက်ရဖမ်းမိသွားပါတယ်။
ရာဇာဓိရာဇ်က “မင်းသားသူငယ် ဖြစ်သသူကို ငါ ၀မ်းမသာဘူး။ ဆေးဝါးထမင်းကိုသာစားပါ။ လွတ်အောင်ကုမ၍ လွတ်လျှင် သည်တွင်နေလိုလည်း ငါ့သမီးတော်နဲ့ စုံမက်၍ အိမ်ရှေ့အရာကို ငါပေးတော်မူသည်။ အင်းဝသို့ သွားလိုသော စိတ်ရှိလျှင်လည်း ငါက အမှူးအမတ်တို့တို့ ပိုစိမ့်မည်။ ကိုယ်ကိုသာ ကျန်းအောင်ပြုပါဟူ၍ ဆေးလည်းပေးတော်မူ၏။ မင်းရဲကျော်စွာလည်း သင်တို့ ထမင်းဆေးဝါးကို ငါ မစားပြီ။ ဟံသာဝတီကို မရဘဲမပြန်ပြီဟု ငါဓိဌာန်ရင်းရှိသည်။ ယခု ငါသို့စဉ်ဖြစ်ခဲ့ပြီးသော် သူ့ကျွန်ဟူသော အမည်ကို ငါမခံပြီ။ ငါ အသက်ရှင်သော်က သေသော်မြတ်၏။ ငါကို သတ်မည်ကိုသာ စီရင်တော့ဆိုလျှင် ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာ သေခါနီးတိုင်အောင်မှ စိတ်ကိုမလျော့။ နောင်သော် ငါ့ကိုပင် ကြံပြန်ချိမ့်မည်ဟူ၍ မိုးသောက်လျှင် ဆင်ထိတော်မူသော အနာသည်း၍ အနိစ္စရောက်သည်။ ကောင်းမွန်စွာ သဂြိုလ်လေ၏”
မှန်နန်းရာဇ၀င်မှာ ဖော်ပြထားတဲ့အတိုင်း သူရဲကောင်း မင်းရဲကျော်စွာဟာ သူရဲကောင်းရဲ့သိက္ခာ၊ သူရဲကောင်းရဲ့အရှက်ကို ထင်ရှားအောင် ပြသွားခဲ့ပါတယ်။ သူသာ သူ့အသက်ကိုငဲ့ကွက်မယ်ဆိုရင် သူရဲကောင်းကို ချစ်တဲ့တတ်တဲ့ ရာဇာဓိရာဇ်က သူ့စကားအတိုင်း ချီးမြှင့်မြောက်စားမှာပါ။ မင်းရဲကျော်စွာကတော့ အရှင်လတ်လတ်ရန်သူ့ အဖမ်းခံရသူဆိုတဲ့ အမည်ကိုခံယူရမှာ ရှက်လှပါတယ်။ တစ်ဖက်သား သနားလို့ ချမ်းသာ ရာရနေသူလို့ အပြောခံရမှာလည်း ရှက်လှပါတယ်။ အဲဒါကြောင့် သူ့ဟာ သူရဲကောင်းတို့ရဲ့ အရှက်နဲ့ သိက္ခာကို ပြသွားခဲ့တာပါ။
တောင်ငူဘုရင် တပင်ရွှေထီး နန်းတက်စက မင်းပျိုမင်းလွင် (၁၇နှစ်သား)ဖြစ်တဲ့အလျောက် ထီးပြိုင် နန်းပြိုင် ဟံသာဝတီနေပြည်တော်ရှိ ရွှေမောဓောစေတီတော်မှာ နားထွင်းသျှောင်ထုံး မင်္ဂလာလုပ်ချင်တယ်လို့ ဆန္ဒဖြစ်ပါတယ်။ သူနဲ့အတူ စစ်သည်ရဲမက်လက်ရွေးစင် ၅၀၀ ရွေးချယ်ခေါ်ယူသွားဖို့ ရွေးချယ်ပွဲလုပ်ပါတယ်။ ရွေးပုံက လက်သည်းကြားမှာ အပ်ရိုက်သွင်းပြီး ရွေးတာပါ။ အပ်ရိုက်သွင်းလိုက်တဲ့အခါမှာ တွန့်သွားဆုတ်သွားတဲ့ လူကို ပယ်ပါတယ်။ ကျော်ထင်အနော်ရထာ(ဘုရင့်နောင်)က ပထမဆုံးစပြီး အစမ်းခံပါတယ်။ သူ့လက်ကြားကို သူကိုယ်တိုင် အပ်ကိုဆုံးအောင် ရိုက်သွင်းလိုက်ပါတယ်။ တွန့်ခြင်း ရွံ့ခြင်း မရှိခဲ့ပါဘူး။
တပင်ရွှေထီးဘုရင်ရဲ့ ဖွားဖက်ငယ်ကျွန်တော် သူရဲကောင်း“ဗလမင်းထင်”ရဲ့ အလှည့်ကျတော့ အပ်စိုက် လိုက်တာနဲ့ အမှတ်တမဲ့ တွန့်သွားလို့ ဆွဲထုတ်ခံလိုက်ရတယ်။ အဲဒီတွင် ဗလမင်းထင် အရှက်လွန်ပြီး သူ့ခါးကြားက ဓားမြှောင်ကို ဆွဲထုတ်၊ သူ့ဝမ်းဗိုက်ကို ခွဲချလိုက်ပါတယ်။ ပြီးတော့ သူ့လက်နဲ့ အူတွေကို ဆွဲထုတ် လိုက်တယ်။ အူတစ်စကို ကျော်ထင်နော်ရထာရဲ့ လက်ထဲထည့်ပြီးတော့ သူနောက်ဆုတ်ပြေးသွားလိုက်တာ အူဆုံးတဲ့ နေရာလည်းရောက်ရော သူလည်း လဲကျသေဆုံးသွားခဲ့ပါတယ်။
တပင်ရွှေထီးရဲ့ တစ်ခွန်းတည်းသော မှတ်ချက်က“ငါ ကျွန်တော် ဗလမင်းထင်သည် မိုက်တော့မိုက်၏။ သို့သော် သတ္တိမရှိပေ”တဲ့။ ဗလမင်းထင်ဟာ သူရဲဘောကြောင်သူ မဟုတ်ပါဘူး။ ရဲဆုတွေရခဲ့တဲ့ သူရဲကောင်းပါ။ ခုလို လူပုံအလယ်မှာ သူရဲဘောကြောင်သူအဖြစ် ဆွဲထုတ်ခံလိုက်ရတော့ သူ သိပ့်ရှက်သွားမှာပါ။ ဒီအရှက်ကြီးနဲ့ တစ်သက်လုံး နေသွားမဲ့အစား သေခြင်းကိုသာ ရွေးလိုက်တာ ဖြစ်မှာပါ။
စည်းခြားအရှက်
“ရှက်စိတ်”ဟာ လူသားတွေ ယဉ်ကျေးပြီး အဆင့်မြင့်သတ္တ၀ါအဖြစ်ကို ရောက်ရှိစေဖို့ အခန်းကဏ္ဍကနေပြီး ဆောင်ရွက်ပေးနေတာပါဆိုရင် စကားလွန်ရာ ကျမလားပဲ။
ဒါပေမဲ့ ယဉ်ကျေးတဲ့ အဆင့်မြင့်တဲ့ လူသားတွေသာ “အရှက်နဲ့လူလုပ်တာ” ဆိုတဲ့စကား၊ “အရှက်ကို အသက်နဲ့လဲမယ်”ဆိုတဲ့စကားတွေကို ပေါ်ပေါက်လာစေခဲ့ကြတာပါ။ အမှန်တကယ်လည်း အရှက်ကို အသက်နဲ့ လဲသွားကြသူတွေအကြောင်း သမိုင်းမှာ မှတ်တမ်းတင်ထားခဲ့ကြရာတာ နည်းမှ မနည်းဘဲ။
ဟီရိသြတပ္ပဆိုတဲ့ “ရှက်ခြင်း”တရားကြောင့် လူတွေက ယဉ်ကျေးတဲ့ သတ္တ၀ါလို့ အခေါ်ခံလာရတာပါ။ တိရစ္ဆာန်တွေမှာတော့ “ဟီရိသြတပ္ပ”ဆိုတာကို နားမလည်ကြပါဘူး။ ကိုယ်ဆာလောင်လာတဲ့အခါ၊ စားချင်စိတ် ပေါ်လာတဲ့အခါ ကိုယ်ရှေ့မှာပေါ်လာတဲ့ ကိုယ်ထက်အားနည်းတဲ့ သတ္တ၀ါလေးတွေကို ဖမ်းယူစားသောက်ပစ် လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာဟာ ရှက်စရာပါလားလို့ တိရ စ္ဆာန်တွေက စဉ်းစားရကောင်းမှန်း မသိပါဘူး။ အဲဒီလိုပါပဲ သူ့ထက်အားကြီးတဲ့ သတ္တ၀ါကိုတွေ့ရင် သူဟာအမြီးကိုတန်းပြီး ထွက်ပြေးမှာပါပဲ။ ရန်သူကို ကျောပေးပြီး၊ ပြေးခြင်းဟာ ရှက်စရာပါလားလို့ တိရ စ္ဆာန်က မစဉ်းစားတတ်ပါဘူး။ သူ့အတွက် အရေးကြီးဆုံးက သူ့အသက်ရှင်နေဖို့သာ ဖြစ်တယ်။ အဲဒါကြောင့်“အရှက်”ဆိုတဲ့ အရာလေးတစ်ခုဟာ လူနဲ့ တိရစ္ဆာန်ကို စည်းခြားပေးထားတဲ့ အရာတစ်ခုလို့ ဆိုချင်ပါတယ်။ “နိုင်ရာစား”စနစ်ဆိုတာ “တောတွင်းဥပဒေသ” ဖြစ်တယ်။ တိရစ္ဆာန်တို့ရဲ့ စရိုက်ဖြစ်တယ်လို့ သိလာကြပြီး ရှောင်ကြဉ်လာကြတာနဲ့အမျှ လူသားဟာ ပိုမိုယဉ်ကျေးလာကြတာပါ။
လူထု စိန်ဝင်း
“ရှက်စိတ်”
ဆောင်းပါးပေါင်းချုပ်
၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလတွင် ယနေ့မန္တလေးစာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး
0 comments:
Post a Comment