Tuesday, October 6, 2009
ကျေးဇူးပြု၍ ......ကျေးဇူး
“ငါကျွေးခဲ့တဲ့ထမင်းလုပ်တွေ၊ သူ့လည်ချောင်းထဲကနေ ခြေမနဲ့ ကော်ထုတ်လို့ရတယ်” နားထဲဂျင်ကနဲကြားလိုက်သည့် ခဏ၊ ကြက်သီးမွေးညှင်းများပင် ထသွားခဲ့ပါသည်။ မရင့်သီးလွန်းပေဘူးလား။ ကျေးဇူးရှိသူက ကျေးဇူးမဲ့သူပြုသူအပေါ် အဲဒီလို ပြောပိုင်ခွင့်ရှိသလား။ သူတစ်ဦးက အခြားတစ်ဦးအပေါ် ကောင်းမြတ်သော စိတ်စေတနာဖြင့် မိမိအလိုအလျောက် ကောင်းကျိုးပြုမှုကိုသာပဲ “ကျေးဇူး”ဟူ၍ ခေါ်ထိုက်သည် မဟုတ်ပေဘူးလား။ သူ့စကားက စဉ်းစားစရာပဲ ဖြစ်ပါသည်။ သူ့စေတနာက သံသယရှိစရာပဲ ဖြစ်ပါသည်။
“ကိုယ်ကသူများအပေါ် ကျေးဇူးပြုခဲ့တာတွေကို အမြန်မေ့ပစ်လိုက်၊ သူတစ်ပါးကပြုခဲ့တဲ့ ကျေးဇူးတရားကိုတော့ တစ်သက်လုံးမမေ့လေနဲ့”
ယခုအခါ ကွယ်လွန်ခဲ့ရှာပြီဖြစ်သော ကျွန်တော်ဆရာတစ်ဦး၏ သွန်သင်ချက်ကို မကြာခဏ အမှတ်ရမိ ပါသည်။ ကိုယ်ကသူတစ်ပါးအပေါ် ပြုခဲ့တဲ့ကျေးဇူးကို အကြွေးမှတ်သလို မမှတ်နဲ့ဟူသော သဘောဖြစ်မည် ထင်ပါသည်။ ကိုယ့်အပေါ်ပြုဖူးသည့် ကျေးဇူးကိုလည်း အကြွေးချေသလိုပေးချေလို့မရ ဟူသော သဘောလည်း ပါမည် ထင်ပါသည်။
ကျွန်တော်တို့လမ်းထိပ်တွင် လူတစ်ယောက်ရှိပါသည်။ ညနေ၊ ညနေဆိုလျှင် အမြဲတစေရီဝေနေတတ်ပါသည်။ ရီဝေလာသည့်အခါတိုင်းလည်း သူ့အိမ်ထောင်ကို မည်သို့ တည်ဆောက်ခဲ့ရသည်။ မည်သို့စွန့်စွန့်စားစား ရှာဖွေကျွေးမွေးရသည်၊ မည်မျှခက်ခဲပင်ပန်းလှသည်၊ သူ့ကျေးဇူး တရား မည်မျှကြီးမားခဲ့ပြီဆိုသည်တို့ကို တစ်လမ်းလုံးကြားအောင် ခုနှစ်သံချီ၍ ပြောလေ့ဆိုလေ့ရှိပါသည်။
ထိုသူ့အသံကိုကြားတိုင်း ဟိုတုန်းက ကျွန်တော်တို့ရွာမှ သူကြီးကို သတိရမိပါသည်။
ညနေ၊ ညနေ ချက်အရက်ကလေးရီဝေယစ်ထွေလာပြီလားဆိုမှဖြင့် ရွာဖျားရွာဆုံး လမ်းပုံခုံးတွင် ခေါက်တုံ့လူးလာ လျှောက်တော့သည်။ ဟေ့..........ဟောဒီရွာလယ်လမ်းကို ဘယ်သူခင်းတာလဲသိလား။ အဲဒါ ငါပဲ။ ရွာတောင်ချောင်းတံတားကျိုးတုန်းက အသစ်ထိုးဖို့ နှိုးဆော်ခဲ့တာ ငါကွ။ သင်္ချိုင်းကုန်းက သူရဲခြောက်တဲ့ ကညင်ပင်ကြီးကို အမိန့်တော်ပြန်ခဲ့တာလည်း ငါပဲကွ။ ဟေ့.....ဒီမှာ၊ ဟောဒီရွာမှာ သူကြီးဘအောင်ရဲ့ကျေးဇူး ကင်းတဲ့ကောင် တစ်ယောက်မှ မရှိဘူးကွ။ အဲဒါမြဲမြဲမှတ် ဟူ၍ ဓါတ်ပြားချပ်မှာ အပ်သွားကပ်သလို အထပ်ထပ် ကိုယ်ရည်သွေးနေတော့သည်။ ပြောရလျှင် ဟိုတုန်းက မြို့ပိုင်၊ နယ်ပိုင်တို့နှင့် အလွမ်းသင့်လွန်း၍သာ သူ့ကို မလှန်နိုင် ရှိချင်ရှိမည်။ သူ၏ ကိုယ်ရည်ကိုယ်သွေး တီးလုံးတွေကို တစ်ရွာလုံးက “နှလုံးမသာ”ခဲ့တာတော့ အမှန်ပဲ ဖြစ်ပါသည်။ ကျေးဇူးတရားဆိုတာ အဲဒီလို ကိုယ်ရည်သွေးချက်များဖြင့်တော့ ရုပ်လုံးမပေါ်တန်ကောင်းဘူး ထင်ပါသည်။
မည်မျှကြီးကျယ် မြင့်မားပါစေ၊ မကြာမကြာ ဖော်ထုတ်ပြောဆိုလေ့ရှိသော ကိုယ့်ဂုဏ်ပုဒ်သည် တဖြည်း ဖြည်းပေါ့ဖွယ်သေးကျုံသွားတတ်သည်မှာ သေချာလောက်ပါသည်။
ဟိုတုန်းကဖတ်၍ စွဲလမ်းခဲ့ဖူးသော ၀တ္တုလေးတစ်ပုဒ်ကို မကြာခဏ ပြန်လည် အမှတ်ရမိပါသည်။
ဝတ္တုထဲမှာ မိုးညှင်းမြို့က မောင်ချူးဆိုသူသည် ဘကြီးသိန်း မန္တလေးသို့သွားမည်ဆိုသည်နှင့် သူ့အတွက် မျက်မှန်တစ်လက်ကို ခရီးကြုံဝယ်ယူလာပေးရန် ငွေတစ်ရာကျပ်ပေး၍ မှာကြားလိုက်သည်။ ဘကြီးသိန်း ပြန်လာသောအခါ မျက်မှန်တစ်လက်ပါလာသည်။ တပ်ကြည့်တော့ မောင်ချူးနှင့် တော်တော်လေး အဆင်ပြေသည်။ အရင်က မကြည်လင် ၀ိုးတ၀ါးသာပဲ မြင်ခဲ့သည်တို့ကို ပီပြင်ရှင်းလင်းစွာမြင်လာရသည်။ ဘကြီးသိန်းကို အလွန်တရာကျေးဇူးတင်ခဲ့သည်။ သူပေးလိုက်တဲ့ ငွေတစ်ရာလောက်ငှပါရဲ့လားဟု မေးတော့ ဘကြီးသိန်းက ပိုတဲ့ငွေနှစ်ဆယ်ကိုတောင် သုံးပစ်လိုက်ပြီဟု ဆိုသည်။ မျက်မှန်ကို စိတ်တိုင်းကျရဖို့ အခေါက်ခေါက်အခါခါ သွားခဲ့ရကြောင်း၊ စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆင်လာခဲ့ကြောင်း တခမ်းတနား ပြောပြသေး သည်။ မည်သို့ဆိုစေ မောင်ချူးကျေနပ်သည်။ လက်ဖက်ရည်ပင် ထပ်၍ ၀ယ်တိုက်လိုက်သေးသည်။
နောက်တစ်ကြိမ် အလှူမှာ တွေ့ကြတော့ လူတွေကြားထဲကနေ ဘကြီးသိန်းက မောင်ချူးကို လှမ်းခေါ် သည်။ မျက်မှန်ကို ချွတ်ခိုင်းသည်။ ဘကြီးသိန်းက မောင်ချူး၏ မျက်မှန်ကို မန္တလေးကနေ ဘယ်လိုကြိုးစားပမ်းစား ၀ယ်ယူလာခဲ့ကြောင်း တခမ်းတနား ပြောပြန်သည်။ ပရိသတ်ကလည်း ဘကြီးသိန်း ၀ယ်လာတဲ့ မျက်မှန်ကောင်းကြောင်း ထောက်ခံသည်။ မောင်ချူးကလည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောရသည်။
နောက်တစ်ကြိမ် မန္တလေးမှ ဘကြီးသိန်းထံသို့လာသော ဧည့်သည်နှစ်ယောက်ကို ဘကြီးသိန်းကိုယ်တိုင် မောင်ချူးအိမ်သို့ ခေါ်လာခဲ့သည်။ မောင်ချူးက ကျေးဇူးရှင်၏ ဧည့်သည်အဖြစ် အရက်၊ အမြည်းတွေနှင့် ဧည့်ခံရ သည်။ အရက်ဝိုင်းမှာ ဘကြီးသိန်းက ပြောသည်။
“သူ့အတွက် မျက်မှန် ကျုပ်ဝယ်လာခဲ့ရတာဗျ။ ဒီလူက မျက်မှန်မရှိရင် အကန်းပဲ။ တစ်နေ့တစ်နေ့ ကားအတိုက်ခံ ရမလား။ စက်ဘီးအတိုက်ခံရမလားနဲ့ ဟုတ်တယ် မဟုတ်လား မောင်ချူး”
မောင်ချူးက ဟုတ်မှန်ကြောင်း ၀န်ခံရပြန်သည်။ မပြုံးချင်ဘဲ ပြုံးရ၊ စိတ်မပါဘဲ ကျေးဇူးတင်ရပါကြောင်း ပြောရတာတွေများလာတော့ မောင်ချူး စိတ်ပျက်လာသည်။ ဘကြီးသိန်းနှင့် မတွေ့အောင်ရှောင်တော့သည်။ သည်တော့လည်း ဘကြီးသိန်းက သူ့ကွယ်ရာမှာ ပြောခဲ့သည့် စကားတွေကို ပြန်၍ ကြားရသည်။ မျက်မှန်အတွက် မောင်ချူးက သူ့ကို ကျေးဇူးတင်လွန်းလို့ ဘယ်လို ကျေးဇူးဆပ်ရမလဲဆိုတာ အမြဲကြံစည် တွေးတောနေတဲ့အကြောင်း။
တစ်နေ့တော့ မိုးညှင်းဘူတာရုံမှာ ဘကြီးသိန်းရဲ့ဧည့်သည် ၆ ယောက်ရောက်နေကြောင်း တည်းခိုဖို့ အခက်အခဲရှိရင် မောင်ချူးဆိုတာရှိကြောင်း ဘကြီးသိန်းပြောဆိုနေသည်ဟု ကြိုတင်သတင်းရခဲ့သည်။ လာပလေ့စေဆိုပြီး မောင်ချူးက အိမ်မှာပဲ စောင့်နေသည်။ သူ့အိမ်ရှေ့သို့ ဘကြီးသိန်းတို့ရောက်လာတော့ တော်တော်လေး မူးနေကြတာ တွေ့သည်။ ဘကြီးသိန်းကို မောင်ချူးက မျက်နှာချင်းဆိုင်လိုက်သည်။ မျက်နှာပေါ်က မျက်မှန်ကို ချွတ်လိုက်သည်။ မြေကြီးပေါ်သို့ ချလိုက်သည်။ ပြီး....ဖနောင့်နှင့် လေးချက်လောက် ပေါက်ပစ်လိုက်သည်။ မျက်မှန်ကလေး ကျိုးကြေသွားသည်။ ဘကြီးသိန်းက မောင်ချူးကို ကြက်သေသေပြီး ကြည့်နေခဲ့သည်။
ဝတ္တုလေးက ထိုမျှသာပဲ ဖြစ်သည်။
ကျေးဇူးတရားဆိုသည်နှင့် စပ်လျဉ်း၍ ထိုဝတ္တုလေးက တစ်စုံတစ်ရာ ပြောပြနိုင်ခဲ့သည်ဟု ထင်ပါသည်။ ကျေးဇူးဆိုသည်မှာ ကြွေးမြီဆိုတာနှင့် အဓိပ္ပါယ် ခြားနားလှသည့်အလျောက် ကြွေးကဲ့သို့ ပြန်လည် တောင်းခံ၍ မရနိုင်သည့်အလျောက် ကြွေးကဲ့သို့လည်း ပြန်ဆပ်၍ ကျေနိုင်သည့်အမျိုး မဟုတ်ဟူသော သဘောသက်ရောက်မည် ထင်ပါသည်။
“ငါလုပ်ပေးလို့ လူမွေးလူတောင် ပြောင်တာပါကွာ။ ခုမှ........ဒီငနဲက”ဟု ပြောဆိုသော အသံမျိုးတွေကို ကျွန်တော်တို့ မကြာခဏကြားခဲ့ဖူးပါသည်။ အချို့သော သူတို့၏ နိုင်ထက်စီးနင်း ပြောဆိုသော စကားတို့ကြောင့် ကျေးဇူးပြုခံခဲ့ရသူတို့သည် “ကျေးဇူးသိ”သော်မှ မခံမရပ်နိုင်ဖြစ်ကာ “အသားလှီးဆပ်လို့ ကြေမယ်ဆိုရင် ဆပ်ပစ်လိုက်ချင်တယ်”ဆိုသာ အနာတကျည်း တုံ့ပြန်ချက်တို့ကိုလည်း ကြားခဲ့ဖူးပါသည်။
ကျေးဇူးစင်စစ်၊ ဧကန်ဖြစ်ပါက အသားကိုလှီး၍ ဆပ်သောမှ ပြေကြေနိုင်ဖွယ် ရှိမည်မထင်ပါ။
မှန်နန်းရာဇ၀င်လာ ကျေးဇူးဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုလည်း ပြန်ပြောခွင့်ပြုစေလိုပါသည်။
ငါးစီးရှင်ကျော်စွာက စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံဖို့ရာအတွက် သူ၏ ကျွန်ယံတော် ငခင်ညိုအား စေလွတ်ခဲ့သည်။ ငခင်ညိုသည် စစ်ကိုင်းမင်းအား လုပ်ကြံဖို့ အခွင့်အရေးကို စောင့်ဆိုင်းချောင်းမြောင်းရင်း သုံးရက်တိတိ ထမင်းငတ်ခံခဲ့ရသည်။ အခွင့်သာ၍ နန်းတွင်းသို့ ၀င်သောအခါ စစ်ကိုင်းမင်းက နတ်တင်ထားသော စားတော်ပွဲကိုတွေ့သဖြင့် အားရပါးရ စားသောက်ပစ်ခဲ့သည်။ ထမင်းဝ၍ လုပ်ကြံဖို့ရာ အိပ်ဆောင်ထဲသို့ ၀င်သောအခါ အိပ်ပျော်နေသော စစ်ကိုင်းမင်းကို တွေ့ရသည်။ ခုပင် စားခဲ့မိပြီဖြစ်သော ထမင်းပွဲကို ငခင်ညို သတိရသွားသည်။ စစ်ကိုင်းမင်းသည် သူ၏ ထမင်းရှင်ဖြစ်ခဲ့ပြီ။ ထမင်းရှင်ကို လုပ်ကြံဖို့ရာ သင့်လျော်ပါမည်လော။ သူသည် ဓားအိမ်မှာဓားကို ချွတ်လိုက်၊ စွပ်လိုက်လုပ်ရင်း ချီတုံ ချတုံတွေဝေနေခဲ့သည်။ လုပ်ကြံဖို့တာဝန်ကို မကျေပွန်လျှာင် ငါးစီးရှင်က သူ့ကို သတ်နိုင်သည်။ တာဝန်ကျေအောင်ပြုလျှင် ထမင်းရှင်ကို သတ်ရမည်။ နောက်ဆုံးမတော့ ငခင်ညို ဆုံးဖြတ်လိုက်သည်။ အခွင့်သာလျက် တာဝန်မကျေပွန်ဟုဆိုကာ သူ့သခင်သတ်လိုက သတ်စေ၊ ထမင်းရှင်ကို မသတ်လိုပြီဟု ဆုံးဖြတ်ကာ စစ်ကိုင်းမင်း အိပ်ဆောင်အတွင်းမှ ပတ္တမြားကျောက်စီဓားကို ဆက်သအပ်နှံပြီး အလုံးစုံကို ပြန်လည် လျှောက်တင်လိုက်သည်။
ဤနေရာတွင် သခင်ဖြစ်သူ ငါးစီးရှင်ကျော်စွာ၏ တွေးဆပုံမှာ အလွန်အရေးကြီးပါသည်။
ကျွန်ယုံတော် ငခင်ညိုသည် အစဉ်ကျွေးမွေးစောင့်ရှောက်ခဲ့သော ငါ၏ ကျေးဇူးတရားများကိုမှ မထောက်ထား။ တစ်ကြိမ်တစ်ခါ ကျွေးမွေးပြုစုသူ၏ ကျေးဇူးကိုသာ ထောက်ထားလျက် ငါပေးအပ်ခဲ့သော တာဝန်များကို ဖောက်ပြားကျူးလွန်သည်ဟု တွေးဆနိုင်သည်။ ငခင်ညိုသည် တစ်ကြိမ်တစ်ခါ ကျွေးမွေးခဲ့သူ၏ ကျေးဇူးကိုပင် ဤမျှအထိ သိတတ်ပါက အကြိမ်ကြိမ်အခါခါ ကျွေးမွေးခဲ့သော ငါ၏ ကျေးဇူးကိုကား ဆိုဖွယ်ရာ မရှိပြီဟု တွေးဆနိုင်ပါသည်။
အဆိုပါ တွေးဆချက် နှစ်ခုစလုံး၌ ကျေးဇူးတရားကို နှိုင်းယှဉ်ချိန်စက်သည့် သဘောပါနိုင်ပါသည်။
သို့တစေ ပထမတွေးဆချက်မှာ ကျေးဇူးတရားကို ကြွေးမြီကဲ့သို့ ပြန်လည်ရလိုသောဇောဖြင့် ချိန်စက်သည့် သဘောမျိုးက အလေးကဲပြီး ဒုတိယတွေးဆချက်မှာ ကျေးဇူးတရားကို ကောင်းမြတ်သော စိတ်စေတနာဖြင့် ပြုခဲ့သည့် ကောင်းကျိုးပြုမှုတစ်ခုအဖြစ် တန်ဖိုးထားအကဲဖြတ်သော သဘောမျိုးက အလေးကဲမည် ထင်ပါသည်။
ရာဇ၀င်၌မူ ငါးစီးရှင်ကျော်စွာက ဒုတိယတွေးဆချက်ဖြစ်သည့် သူတော်ကောင်းအတွေးကို တွေးလျက် ကျွန်ယုံတော် ငခင်ညိုအား အပြစ်မယူရုံမက ဆုလာဘ်တော်များပင် ချီးမြှင့်ခဲ့ပါသည်။
“ကျေးဇူးရှင်တွေများလွန်းလို့ ညညဆို ခြေထောက်ကို ဘယ်ဘက်ထားအိပ်ရမှန်း မသိဘူး”
ကဗျာဆရာတစ်ဦး၏ ကဗျာတစ်စကို အဲဒီလို ပြန်လည် အမှတ်ရနေမိပါသည်။
ကဗျာလေးကို အဖြောင့်အတိုင်း စဉ်းစားလျှင်လည်း သူ့အနက်မှာ လှပ၍ နေပါသည်။ မသိမသာ ရိပ်ဝဲ နေသော ထေ့ထေ့လေသံကို ထည့်သွင်းစဉ်းစားလျှင်လည်း သူ့အနက်မှာ လှပ၍ နေတုန်းပဲဖြစ်ပါသည်။ ကဗျာဆရာသည် ကျေးဇူးတရားကို အကြွေးမှတ်သလိုမှတ်၍ အကြွေးပြန်တောင်းသလို လိုချင်နေတတ်သော လူအတော်များများကို တွေ့ခဲ့မြင်ခဲ့၍ ထိုကဗျာလေးကို ဖွဲ့ခဲ့လေသလားဟူ၍ စဉ်းစားဆင်ခြင်စရာ ရှိပါသည်။
စင်စစ် ကျေးဇူးတရားဆိုသည်မှာ သူ့အလိုအလျောက် လှပခမ်းနားနေသော၊ သူ့အလိုအလျောက် ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသော ကမ္ဘာလောကက ပေးကမ်းချီးမြှင့်ထားသည့် တန်းဖိုးမဖြတ်နိုင်သော လက်ဆောင်မွန် တစ်ခုပဲဖြစ်ပါသည်။ ချေ၍ မကြေ၊ ချွေ၍ မကြွေနိုင်သော ရှင်သန်တည်မြဲနေတတ်သည့် အသက်ဓာတ်ကိန်းဝပ်နေပြီးလည်း ဖြစ်ပါသည်။ လူတစ်ယောက် ကွယ်လွန်ဆုံးပါးသွားသောအခါ သူပြုဖူးသော ကျေးဇူးတို့သည် သူနှင့်အတူ လိုက်ပါကုန်လွန်ဆုံးပါးသွားခြင်း မရှိမူ၍ ကျေးဇူးသိသောသူတို့၏ မြေကမ္ဘာ တစ်နေရာ ရာတွင် ရှင်သန်ကျန်ရစ်ခဲ့စမြဲပင် ဖြစ်ပါသည်။ ကျေးဇူးရှိသူ၏ အသက်ကို တစ်ကြိမ်တစ်ခါ ပြန်လည် ကယ်တယ်ခဲ့ ဖူးရုံမျှဖြင့် “ကဲ......ကြေပြီ မဟုတ်လား” ဟူ၍ ချေလို့ရနိုင်မည် မထင်ပါ။ နှစ်ကြိမ်နှစ်ခါမက အကြိမ်ကြိမ်အခါခါ ပြန်လည် ကယ်တင်ခဲ့ဖူးလျှင်သော်မှ ချေလို့ ရနိုင်မည် မထင်ပါ။ “ဘဲစားဘဲချေ”ချေ၍ ကြေနိုင်သည်မျိုး မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးဆိုသည်မှာ ကြွေးမြီ မဟုတ်သောကြောင့် ဖြစ်ပါသည်။
ကျေးဇူးပြု၍ “ကျေးဇူး”ဆိုသည်ကို ပေါ့ပေါ့တန်တန်ဖွင့်ဆိုခြင်း မပြုကြပါရန် မေတ္တာရပ်ခံလိုပါသည်။ ။
မောင်ရင့်မာ(ကျောင်းကုန်း)
အမှတ်(၂၁၀)
၂၀၀၉၊ စက်တင်ဘာလ
အတွေးအမြင်

Sunday, October 4, 2009
နားလည်နိုင်ပါစေ
တကယ်ပါ
မင်းအတွက်ဆိုရင်လေ.....
ကိုယ့်အသွေးအသားတွေကို ပေးဆပ်ချင်ပါတယ်။
ရယူခြင်းဆိုတာထက် ပိုတဲ့အချစ်တွေနဲ့
မင်းလေးကို ချစ်ခဲ့မိတာပါ
ဒါတွေကို မင်းလေးနားလည်နိုင်ပါစေ.........

Subscribe to:
Posts (Atom)